၁၁.၆.၂၀၂၆
Written by Linn Eain
သာကေတမြို့နယ်တွင် လွန်ခဲ့သည့် တစ်နှစ်ကျော်မှ ခိုးယူခံရသည့် ရွှေထည်ပစ္စည်းများနှင့် ကျူးလွန်သူများကို ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးရာမှ ကျောက်တန်းမြို့နယ်ရှိ လိုင်စင်ရအပေါင်းဆိုင်အတွင်းမှ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သူများနှင့် ပူးပေါင်းပါဝင်သူများကိုပါ ဖမ်းဆီးရမိခဲ့ကာ သိန်း ၆၀၀၀ ကျော်ဖိုး ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၃/ မာန်ပြေရပ်ကွက်၊ အိမ်အမှတ် (၇၃၉) တွင် ရွှေထည်ပစ္စည်းမျိုးစုံ ခြောက်ခုနှင့် ငွေကျပ်သိန်း ၈ဝ စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၇၉ သိန်းခန့်ကို ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်က ခိုးယူခံရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ သာကေတမြို့မရဲစခန်းက အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အခင်းဖြစ်နေအိမ်သို့ ဝင်ထွက် သွားလာလေ့ရှိသူ သာကေတမြို့နယ် ၃/ မာန်ပြေရပ်ကွက်၊ အမှတ် (၁၆) နေ မနွယ်နွယ်ဝင်း (ခ) မစု (၄၅)နှစ် (လက်ထောက်ချသူ) နှင့် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ စိုးမြတ်မင်း(ခ) စိုးကြီးတို့ နှစ်ဦးကို ယခုနှစ်၊ မေ ၂၆ ရက်တွင် ၎င်းတို့၏နေအိမ်များ၌ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
ဖမ်းဆီးရမိသည့် ၎င်းတို့နှစ်ဦးကို စစ်ဆေးရာ ၎င်းတို့ နှစ်ဦးသည် ဇော်ဇော်အောင်(ခ) ဖိုးဇော် (ဖမ်းဆီးရန် ကျန်)၊ သက်ပိုင်ဦး(ဖမ်းဆီးရန် ကျန်)တို့နှင့်အတူ ၂၀၂၅ ခုနှစ် မတ်လအတွင်းက အခင်းဖြစ်နေအိမ်မှ ပစ္စည်းများ ခိုးယူရန် တိုင်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် နံနက် ၁၁ နာရီတွင် အဆိုပါနေအိမ်မှ ရွှေထည်ပစ္စည်း ခြောက်မျိုးနှင့် ငွေကျပ်သိန်း ၈ဝ တို့အား ခိုးယူခဲ့ပြီး ရွှေထည်ပစ္စည်းများကို ငွေကျပ် ၁၇၉ သိန်းဖြင့် ရောင်းချကာ ခွဲဝေ ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများ ပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ရာ အရည်ကျို ပုံပြောင်းထားသည့် ရွှေထည်ပစ္စည်း နှစ်မျိုး၊ တန်ဖိုးငွေကျပ် ၁၉၃သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဖမ်းဆီးရမိသူ စိုးမြတ်မင်း(ခ)စိုးကြီးအား အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိအသေးစိတ် ထပ်မံစစ်ဆေးခဲ့ရာ ၎င်းနှင့် ခင်မင်ရင်းနှီးသူများဖြစ် သည့် တံတားမြို့နေ အောင်မင်းသူ (၂၁)နှစ်၊ တစ်ရပ်ကွက်တည်းနေ ကျော်ဇင်လတ်(ခ)ကျော်ဇင်(၄၁) နှစ်၊ ဘိုကလေးမြို့နယ်နေ စိုင်းဇော်ဇော်(ခ) ဇော်ဇော်(ခ) အောင်ပု (၃၄)နှစ်တို့ သုံးဦးသည် ကျောက်တန်းမြို့နယ်၊ တံတားမြို့ရှိ ဒေါ်ခင်သန်းဝင်း လိုင်စင်ရအပေါင်ဆိုင်အတွင်း ဝင်ရောက် ခိုးယူမှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အောင်မင်းသူပါ သုံးဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် မေ ၂၇ ရက်တွင် ၎င်းတို့၏နေအိမ် အသီးသီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သက်သေခံပစ္စည်းများ ဖြစ်သည့် ရွှေထည် ပစ္စည်းမျိုးစုံ ၄၀၊ ခိုးယူရရှိသည့် ရွှေထည်ပစ္စည်းများ ရောင်းချငွေဖြင့် ဝယ်ယူထားသော မော်တော်ယာဉ်နှစ်စီးနှင့် မော်တော်ဆိုင်ကယ် နှစ်စီး၊ လက်ကိုင်ဖုန်း တစ်လုံး၊ ရွှေထည်ပစ္စည်းများ ဘောက်ချာစာရွက်မူရင်း ၁၀ စောင်၊ ငွေကျပ်သိန်း ၉ဝ ၊ စုစုပေါင်းတန်ဖိုး ပေါင်နှံ/ ရောင်းချထားသည့် ငွေကျပ် ၆ဝဝ၇ သိန်းကို ပြန်လည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ခိုးမှုဖြစ်စဉ်များမှ ဖမ်းဆီးရမိသူ စိုးမြတ်မင်း(ခ) စိုးကြီး၊ နွယ်နွယ်ဝင်း(ခ)မစု၊ အောင်မင်းသူ၊ စိုင်းဇော်ဇော်(ခ) ဇော်ဇော်(ခ)အောင်ပုနှင့် ကျော်ဇင်လတ်(ခ)ကျော်ဇင်တို့အား တရား စွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သည့် ဇော်ဇော်အောင် (ခ) ဖိုးဇော်၊ သက်ပိုင်ဦးတို့နှစ်ဦးကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
