၁၁.၆.၂၀၂၆
Written by Linn Eain
အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ရူပီး ၁၇ ဒသမ ၇၅ သန်းကျော်တန်ဖိုးရှိ ငလျင်ဒဏ်သင့်အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးရာတွင် အသုံးပြုသော စက်ပစ္စည်းကိရိယာများ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ပွဲကို လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ Function Hall တွင် ဇွန် ၁၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိန္ဒိယသမ္မတနိုင်ငံသည် ယခုနှစ် မတ်လတွင် ပထမအကြိမ်အနေဖြင့် ဘေးအန္တရာယ်မတိုင်မီနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အအုံ အကဲဖြတ်ခြင်းများအတွက် စက်ယန္တရားနှင့် ပစ္စည်းကိရိယာ ၁၁ မျိုးနှင့် တန်ဖိုးငွေ ရူပီးသန်း ၂၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်မြောက် လှူဒါန်းမှုတွင် ငလျင်တိုင်း ကိရိယာ၊ ကွန်ကရစ် အတွင်းပိုင်းဘက် စစ်ဆေးသည့် ကိရိယာ၊ အပူလှိုင်းပုံရိပ်ဖမ်း ကင်မရာ၊ အဆောက်အအုံကြံ့ခိုင်မှု စောင့်ကြည့်သည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများပါဝင်ပြီး တန်ဖိုးငွေ ရူပီး ၁၇ ဒသမ ၇၅ သန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲတွင် ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Abhay Thakurက အမှာစကား ပြောကြားကာ ပစ္စည်းကိရိယာများနှင့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်ဆန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး ငလျင်ဒဏ်သင့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုကိုစစ်ဆေးရာတွင် အသုံးပြုသော စက်ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
