၁၀.၆.၂၀၂၆
Written by Linn Eain
လူမှုကွန်ရက် Tiktok, Facebook, Telegram, Viber များတွင် ကြော်ငြာ၍ ရထားလက်မှတ်ကို ဝန်ဆောင်ခရယူပြီး ဆောင်ရွက်ခြင်းမပြုရန်နှင့် တွေ့ရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ဇွန် ၁၀ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများအဆင်ပြေစေရေးအတွက် Online မှ ဝယ်ယူရန်ခက်ခဲသော ခရီးသည်များကို ဘူတာရုံများတွင် အထောက်အကူပြုကောင်တာများထားရှိ၍ ဆောင်ရွက်ပေးလျက်ရှိပြီး ဘူတာဝန်ထမ်းများက လက်မှတ်ရုံများတွင် ORTP စနစ်ဖြင့် ဝယ်ယူပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင်မြန်မာ့မီးရထား၏ ကိုယ်စားလှယ်အဖြစ် အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဝန်ဆောင်ခကောက်ခံရန် တာဝန်ပေးအပ်ထားခြင်း လုံးဝ(လုံးဝ) မရှိကြောင်း ထုတ်ပြန်ထားသည်။
သို့ရာတွင် လူမှုကွန်ရက် ဆိုရှယ်မီဒီယာ Tiktok, Facebook, Telegram, Viber များဖြင့် ကြော်ငြာ၍ ၀န်ဆောင်ခဖြင့် ရထားလက်မှတ်များကို ဆောင်ရွက်ပေးနေကြောင်း တွေ့မြင်ကြားသိနေရကြောင်း၊ ရထားလက်မှတ်ခ ဝန်ဆောင်ခ ပေးခြင်းပြုလုပ်သည့် ကြော်ငြာများနှင့်ပတ်သက်၍ လုံးဝ ဆောင်ရွက်ခြင်း မပြုလုပ်ကြရန်နှင့် ပြုလုပ်ကြောင်းတွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
မြန်မာ့မီးရထားသည် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရထားစီးခရီးသွားပြည်သူများ လက်မှတ်ဝယ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ရန်ကုန်-မန္တလေး လမ်းပိုင်း ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရထားများအား Online မှ ရထားလက်မှတ် ဝယ်ယူနိုင်သော Web base (ORTP) စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဧပြ ၄ ရက်တွင် မြန်မာ့မီးရထားက ၎င်း (ORTP) စနစ် တည်ဆောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် တင်ဒါအောင်မြင်သော နည်းပညာကုမ္ပဏီ၏ နည်းပညာ ဝန်ဆောင်ခအတွက် လက်မှတ်(၁)စောင်လျှင် (၂၀၀/-)ကျပ်နှင့် ဘဏ်များက တရားဝင် သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်ခကို ကောက်ခံခွင့် ပြုခဲ့ကြောင်း သိရသည်။


