သက်တံ့
၁၀. ၆. ၂၀၂၆
အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးရန် သဘောထားချမှတ်နိုင်ခဲ့ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (7 EAO Alliance) အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများကျင်းပဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကြေညာချက် အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ထို ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပစဉ် ဗိုလ်မှူးကြီးစိုင်းငင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အစိုးရသစ်ဖွဲ့စည်းပြီးတဲ့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး ရည်ရွယ်ပြီး ဧပြီလ (၂၁)ရက်နေ့မှာ သက်ဆိုင်ရာအဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ တရားဝင်ဖိတ်ခေါ်ခြင်းကို မိမိတို့ 7 EAO အနေနဲ့ ကြိုဆိုပါကြောင်း ပြောကြား လိုပါတယ်။ ဖိတ်ခေါ်ခြင်းပြုလုပ်ပြီးနောက် NSPNC က မိမိတို့ 7 EAO ထံသို့ တစ်ဖွဲ့ချင်းအလိုက်၊ အစုအဖွဲ့ အလိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ စာဖြင့်ထပ်မံဖိတ်ခေါ်ရုံသာမက မိမိတို့ 7 EAO တစ်ဖွဲ့ချင်းထံ ကိုယ်စား လှယ်များ စေလွှတ်ပြီး အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားကို ရှင်းပြပေးခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းဟာ ယုံကြည်မှုကို တည်ဆောက်တာဖြစ်သလို အစိုရသစ်ရဲ့ ငြိမ်းချမ်းရေးအပေါ် စိတ်အား ထက်သန်မှုကို ပြသရာလည်း ရောက်တယ်လို့ မြင်ပါတယ်။ မိမိတို့ 7 EAO အနေနဲ့လည်း အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခြင်း ဖိတ်ခေါ်ချက်အပေါ် သက်ဆိုင်ရာ တစ်ဖွဲ့ချင်းအတွင်းမှာ ဆွေးနွေးခဲ့သလို 7 EAO ရဲ့ ဦးဆောင်အဖွဲ့မှာလည်း အကျေအလည် ဆွေးနွေးခဲ့ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးဖို့ သဘောထားချမှတ်နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိအခြေအနေများနှင့်အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်သော အဖွဲ့အစည်း များ ပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရေးတို့အား ရည်မှန်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ မိမိတို့ 7 EAO အနေနဲ့ သဘောထား ရှိပါကြောင်း ပြောကြားလိုပါတယ်။”ဟု 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအတွင်းရေးမှူး (၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs အဖွဲ့များ၏ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်း၊ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ၄၃ ချက်အား လွှတ်တော်သို့တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲဒုတိယနေ့ကို ယနေ့ ဆက်လက်ကျင်းပနေကြောင်း သိရသည်။
