သက်တံ့
၁၀. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်ခရိုင်တွင် အိန္ဒိယရူပီး ၁ ဒသမ ၆၉ ကုဋေခန့် တန်ဖိုးရှိ မက်သာဖက်တမင်း (Methamphetamine) ဆေးပြား ၂ သိန်းကျော်နှင့်အတူ မြန်မာနိုင်ငံသား ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက် နံနက် ၁ နာရီခန့်က ချန်ဖိုင်ရဲတပ်ဖွဲ့နှင့် ချန်ဖိုင်မြို့နယ် YMA အဖွဲ့တို့ ပူးပေါင်းပြီး ခန်ကောင် (Khankawn) စစ်ဆေးရေးဂိတ်အနီး ချွန်တေး (Chhunte)ကျေးရွာဘက်တွင် ယာဉ်များကို ရှောင်တခင် စစ်ဆေးနေစဉ် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ရှဒိုးရွာ နေထိုင်သူ ရင်းနိုက်မန်း ( Rinneihmang ) အသက် ၂၆ နှစ်နှင့် ခေါမဝီရွာ နေထိုင်သူ ထန်းလွီမန်း ( Thangluimang ) အသက် ၂၁ နှစ် တို့ မောင်းနှင်လာသည့် စကူတာဆိုင်ကယ်နှစ်စီးကို တားဆီးစစ်ဆေးခဲ့သည်။
ဆိုင်ကယ်များအတွင်းမှ တရားမဝင်ပစ္စည်းများ မတွေ့ရှိရသော်လည်း စစ်ဆေးရေးဆောင်ရွက်နေစဉ် ကျောပိုးအိတ်များ ကိုင်ဆောင်ပြီး လမ်းဘေးမှ လျှောက်လာသူနှစ်ဦးကို ရဲတပ်ဖွဲ့က သတိပြုမိခဲ့ကာ လိုက်လံဖမ်းဆီးရာ တစ်ဦးမှာ ကျောပိုးအိတ်တစ်လုံးကို စွန့်ပစ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်တစ်ဦးဖြစ်သည့် ချင်းပြည်နယ် တိုပီလာရွာနေ စတီဖင် မန်ဘွေထန်း ( Stephen Mangbawithang ) အသက် ၂၀ နှစ်ကို ဖမ်းဆီးနိုင်ခဲ့သည်။
စွန့်ပစ်ကျောပိုးအိတ်နှင့် မန်ဘွေထန်းထံမှ ဖမ်းမိသည့် ကျောပိုးအိတ်တို့အား စစ်ဆေးရာ မက်သာဖက်တမင်း ဆေးပြားထုပ် ၂၁ ထုပ်၊ စုစုပေါင်း အလေးချိန် ၂၃ ဒသမ ၈၅၅ ကီလိုဂရမ်၊ ကာလအရေအတွက်တန်ဖိုး ၁ ဒသမ ၆၉ ကုဋေခန့်(ကျပ် သိန်း ၇၇၀၀ ခန့်) တန်ဖိုးရှိ ဆေးပြားအရေအတွက် ၂၁၂,၁၀၀ ပြားကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးကို ချန်ဖိုင်ရဲစခန်းတွင် အမှုအမှတ် ၉၀/၂၀၂၆ ဖြင့် ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးအက်ဥပဒေပုဒ်မ ၂၂ (င)၊ ၂၅၊ ၂၉ အပြင် လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ ဥပဒေပုဒ်မ ၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Ref : Mizoram Police
