နေမိုး
၁၀.၆. ၂၀၂၆
မြောက်ဒဂုံမြို့နယ်မှ ပျောက်ဆုံးနေသော Grade – 6 ကျောင်းသားငယ်အား ရေကန်အတွင်းမှ ဒဏ်ရာများဖြင့် သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ ကနဦး သိရသည်။
“တူလေး ဆုံးပြီ။ ရေကန်ထဲမှာ အသတ်ခံထားရပါတယ်။ လုပ်ရက်လိုက်ကြတာ”ဟု အဒေါ်ဖြစ်သူက လူမှုကွန်ရက်တွင် မျှဝေသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၈ ရက် ကျောင်းအဆင်းတွင် မြောက်ဒဂုံ၊ (၃၉/A) ရပ်ကွက်၊ သစ္စာ (၄) လမ်းနေ ဦးစိုင်းဝဏ္ဏ၊ ဒေါ်ချောစုဝင်းတို့၏ ရင်သွေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် Grade – 6 ကျောင်းသား မောင်မင်းခန့်ဇော်မှာ နေအိမ်မှ ညနေ ၄ နာရီခွဲခန့်က ဖုန်းပါမသွားဘဲ ထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။
ထိုနေ့ညအထိ ပြန်ရောက်မလာသဖြင့် မိသားစုက သွားလာတတ်သည့်နေရာများ လိုက်လံရှာဖွေသော်လည်း မတွေ့ရှိသဖြင့် လူပျောက်တိုင်ခြင်း၊ လူမှုကွန်ရက်တွင် ကြေညာခြင်းများ လုပ်ဆောင်သော်လည်း တွေ့ရှိမှုမရှိဘဲ ယနေ့နံနက်တွင်မှ မောင်မင်းခန့်ဇော်၏ ရုပ်အလောင်းအား ရေကန်အတွင်းမှ သေဆုံးလျက်သား ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်တူလေး အနေအေးအေးလေးကိုမှ ဘယ်လို လူမျိုးတွေက ရက်ရက်စက်စက် လုပ်ရက်လိုက်ကြတာလဲဗျာ။ ငါ့တူလေးရယ် မင့်အဖြစ်ကလည်း ဆိုးလိုက်တာကွာ။ ဘဝဆက်တိုင်းမှာ ခုလိုဖြစ်ဆိုးမျိုးမကြုံရပါစေနဲ့ကွာ…ကျွန်တော့်တူလေး ဒီနေ့မနက် ၆ နာရီမြောက်ဒဂုံ ၃၈ ရပ်ကွက် ကန်ဘောင်မှာ Dead Body တွေ့ရှိခဲ့ပါတယ်။ စစ်ဆေးဖို့အတွက် မြောက်ဥက္ကလာဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ပါတယ်။ မျက်နှာကလည်း ဖောယောင်နေပြီး ဒဏ်ရာများလည်း တွေ့ရှိထားပါတယ်။ ဆေးရုံကလည်း ရက်ထားလို့မရတော့တဲ့တွက် ဒီနေ့ သဂြိုဟ်ပါမည် အချိန်နာရီကိုတော့ ခဏနေ အတိအကျပြန်တင်ပေးပါ့မယ်ခင်ဗျာ”ဟု မောင်မင်းခန့်ဇော်အား လိုက်ရှာနေသည့် ဦးလေးဖြစ်သူက လူမှုကွန်ရက်တွင် အသိပေးထားသည်။
