၅.၆.၂၀၂၆
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ မော်တင်လမ်းပိုင်းမှ ပေ ၁၀၀ အရှည်ရှိ တင်းချောင်းတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချဉ်းကမ်းလမ်း ရေတိုက်စားမှု ယနေ့ ဇွန် ၅ ရက်၊ နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်၊ ဂျက်ကာ-စိန်တောင် မော်တင်လမ်းပိုင်း မိုင် ၅၆/၀-၁ ကြားရှိ တံတားအမှတ်(၁/၅၇)၊ အရှည် (၁၀၀)ပေရှိ တင်းချောင်းတံတားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်ဘက်ခြမ်း ချဉ်းကပ်လမ်း ရေတိုက်စားမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေတိုက်စားမှုဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာလမ်းဦးစီးဌာနမှ သွားရောက်ပြီး ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖေ့စ်ဘွက်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ယနေ့ ညနေအထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်းနှင့် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ဇွန် ၅ ရက်၊ နံနက်ပိုင်းအချိန် ထုတ်ပြန်ထားသည်။
