ပုံစာ။ PDF များ ဗုံးခွဲမှုကြောင့် ထိခိုက်သူပြည်သူများ မြင်ကွင်း (Photo - Credit)
နေမိုး
၅. ၆. ၂၀၂၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးအတွင်း ယနေ့ ဇွန် ၅ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှ လဝကဝန်ထမ်းနှင့် ပြည်သူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းများနှင့် ကနဦးသတင်းများအရ သိရသည်။
“စစ်ကိုင်း လဝကရုံးကို ဒရုန်းနဲ့ အုံးထားတယ်”ဟုလည်း NUG နှင့် PDF တို့ အကြမ်းဖက်လုပ်ရပ်ကို ထောက်ခံသည့် တပ်ပြေးဟောင်း တင်လင်းအောင်က လူမှုကွန်ရက်တွင် မျှဝေထားသည်။

ဖြစ်စဉ်အတွင်း လဝကဝန်ထမ်း အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးတို့အပြင် ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ဝန်ထမ်းပြည်သူ ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မန္တလေးအခြေစိုက် VOM သတင်းဌာနက ဖော်ပြထားသလို “ဗုံးက သက်ဆိုင်ရာအဖွဲ့တွေ သုံးသပ်တာတော့ ချိန်ကိုက်ဗုံးလို့ သုံးသပ်တာပေါ့နော်။ ဗုံးက စားပွဲခုံတစ်ခုံအောက်ကနေ စပြီး ကွဲတယ်လို့ သိရတယ်။ ဖြစ်တဲ့အချိန်က မနက် ၁၀ နာရီခွဲလောက်ဆိုတော့ ရုံးလုပ်ငန်း လည်ပတ်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်က ပြည်သူ တော်တော်များများကလည်း အိမ်ထောင်စုဇယားတို့၊ မှတ်ပုံတင်တို့ ဆောင်ရွက်နေတဲ့အချိန်ပါ” ဟုလည်း ဒေသခံတစ်ဦးက ပြောပြသည်ကို ဖော်ပြထားသည်။



အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းသည် KIA ၏ စစ်ရေးမဟာဗျူဟာအရ Buffer Zone အဖြစ် ကြံရွယ်ခံထားရပြီး KIA နှင့် PDF များ၏ မြို့သိမ်းတိုက်ပွဲများ၊ ဗုံးခွဲမှုများ၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများနှင့် သတ်ဖြတ်လုယက်မှုများ မကြာခဏဖြစ်ပွားနေကာ ပြည်သူများလူနေမှုဘဝ မတည်မငြိမ်ဖြစ်နေရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။
အကြမ်းဖက်သမားများ ဗုံးထောင်ဖောက်ခွဲမှုကြောင့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရမှုတွင် စိုးရိမ်ရသည့်အခြေအနေရှိသူများလည်း ပါဝင်နေသည်ဟု သိရပြီး လက်ရှိအခြေအနေအပေါ် တာဝန်ရှိသူများထံ ဆက်လက် စုံစမ်းနေပြီး အသေးစိတ်သိရှိရသည်များကို ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
ပုံစာ။ PDF များ ဗုံးခွဲမှုကြောင့် ထိခိုက်သူပြည်သူများ မြင်ကွင်း (Photo – Credit)
