နေမိုး
၅. ၆. ၂၀၂၆
ဆင်ပေါင်ဝဲမြို့နယ်ရှိ ဘဝသစ်အကျဉ်းစခန်းမှ ဦးစီးမှူးအပါအဝင်နှစ်ဦးကို ပြီးခဲ့သည့် မေလ ၁ ရက်နေ့ညပိုင်းက ပစ်ခတ် သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် NUG ဩဇာခံ သရက်ခရိုင် အမှတ် (၅) တပ်ရင်းက ယနေ့ ဇွန်လ ၅ ရက်တွင် ထုတ်ပြန် ဝန်ခံလာသည်။
ကျူးလွန်သည့် NUG ဩဇာခံ သရက်ခရိုင် အမှတ် (၅) တပ်ရင်း ယနေ့ထုတ်ပြန်သည့် မူဗီတွင်လည်း အရပ်ဘက်ယာဉ်တစ်စီးကို ဆဲဆို ပစ်ခတ်နေသည်ကို တွေ့ရှိရသည်။
“မိမိတို့ သရက်ခရိုင် အမှတ်(၅)တပ်ရင်းမှ PDF SOLDIERS များသည် ၁ ရက် ၅ လ ၂၀၂၆ ခုနှစ်တွင် မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် သာဂရ ကိုးပင်လမ်းတွင်းပိုင်း တစ်နေရာ KTV မှ ပြန်လာကြသော ဘဝသစ် ထောင်ဦးစီးအရာရှိနှင့် ထောင်တန်းစီး ကိုယ်တိုင်မောင်းနှင်လာသော ကားအား လမ်းကြုံတာနဲ့ စစ်ဆေးရာ အတင်းမောင်းနှင်ထွက်ပြေးသွားသောကြောင့်… MA5 အတိုတစ်လက် bx3 လက်ခံရရှိခဲ့ပါတယ်”ဟုလည်း သတ်ဖြတ်မှုအပေါ် ဝန်ခံထားသည်။
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်အတွင်းရှိ ဆင်ပေါင်ဝဲမြို့နယ်တွင် ဘဝသစ်ရဲဘက်စခန်း (အကျဉ်းစခန်း) တည်ရှိမှု မှန်ကန်သလို သရက်ခရိုင် အမှတ် (၅) တပ်ရင်းမှ ထုတ်ပြန်လာသည့်ပုံများအရ ပစ်ခတ်သတ်ဖြတ်ခံရသူတစ်ဦးမှာ အကျဉ်းဦးစီးဌာန ဦးစီးမှူး ဦးသက်စိုးဆိုသူဖြစ်ကြောင်း သိရပြီး အခြား တန်းစီးဆိုသူကိုမူ သရက် PDF အဖွဲ့က အမည်ဖော်ပြနိုင်ခြင်းမရှိပေ။ ထို့အတူ သတ်ဖြတ်ခံရသူနှစ်ဦးမှာ KTV က ပြန်လာသည်ဟု သရက် PDF များ အပုပ်ချထားသည်ကိုလည်း MT News က အတည်မပြုနိုင်ဘဲ ကျူးလွန်သူတို့ ဝန်ခံချက်ကိုသာ ဖော်ပြခြင်းဖြစ်သည်။


