MT News
၅. ၆. ၂၀၂၆
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအနေဖြင့် ဆွေးနွေးပွဲများ ပြုလုပ်လိုပါက မော်စကိုမြို့သို့ မည်သည့်အချိန်မဆို လာရောက်နိုင်ကြောင်း ကရင်မလင်နန်းတော် (ရုရှားအစိုးရအဖွဲ့) ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
သမ္မတ ဇယ်လန်းစကီးသည် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်မည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ရန် အဆိုပြုထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ကြာသပတေးနေ့အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ဇယ်လန်းစကီး၏ ပူတင်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးလိုကြောင်း တောင်းဆိုချက်တွင်မူ သူ့အနေဖြင့် မော်စကိုသို့ လာရောက်ရန် မဖြစ်နိုင်ကြောင်း ပါဝင်ခဲ့သည်။
ကရင်မလင်နန်းတော်အနေဖြင့် အဆိုပါစာကို စိစစ်သုံးသပ်ပြီးဖြစ်ကြောင်းနှင့် သမ္မတ ပူတင်၏ လုပ်ငန်းခွင်အစည်းအဝေးအပြီးတွင် ၎င်းထံ တင်ပြသွားမည်ဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။
”သမ္မတ ပူတင်ကတော့ ဇယ်လန်းစကီးအနေနဲ့ ဆွေးနွေးချင်တယ်ဆိုရင် မော်စကိုကို လာရောက်ပြီး ဆွေးနွေးနိုင်တယ်လို့ ပြောထားပါတယ်” ဟု ပက်စ်ကော့ဗ်က ဆိုသည်။
ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ မှတ်ချက်ပေးရာတွင် ရုရှားအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အခန်းကဏ္ဍကို မည်သည့်အခါမျှ စိတ်ကူးယဉ် အကောင်းမမြင်ခဲ့ကြောင်းနှင့် ရုရှား၏ အမျိုးသားအကျိုးစီးပွားသည်သာ အမြင့်ဆုံးဦးစားပေးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပက်စ်ကော့ဗ်က ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: Xinhua
