၅. ၃. ၂၀၂၃
Written by Phyo Wei

IMF ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးဟာ ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်နည်းတူ ခန့်မှန်းခဲ့တဲ့ ဒီရက်သတ္တပတ်မှာတော့ တက္ကသိုလ်ဝင်တန်းတွေ စာမေးပွဲဖြေဆိုရတော့မှာမို့လို့ လျှပ်စစ်မီးအသုံးပြုသူတွေရဲ့ လုပ်ငန်းတချို့ကလည်း အခိုက်အတန့်ရပ်နားရဦးမှာပါ။

စိတ်မကောင်းစရာအဖြစ်ကတော့ Primark ဟာ မြန်မာပြည်က ထွက်ခွာတာကြောင့် သူ့အပ်ထည်တွေ ချုပ်နေတဲ့ မြန်မာပြည်ကစက်ရုံ ၁၇ ခုထဲက နှစ်ခုက ပိတ်သွားပြီး လူ ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့အခြေအနေပါ။ ဒါ့အပြင် Nestle ကလည်း ထွက်ဦးမှာမို့လို့ ၂၀၂၁ ခုနှစ် အာဏာပဋိပက္ခကြောင့် ချမှတ်သမျှ Sanction တွေဟာ ဦးသန်းရွှေခေတ်က ပိတ်ဆို့မှုတွေလိုပဲ ပြည်သူကိုပဲအထိနာစေတယ်ဆိုတာ သက်သေပြပြီးရင်း ပြနေတာကိုတောင် ပြည်သူနစ်နာအောင် ပိတ်ဆို့မှုတွေပဲ ဆက်တောင်းဆိုနေတဲ့ အသိဉာဏ်နိမ့်ပါးသူတွေရဲ့ ထိုးနှက်ချက်တွေဟာ ထိုင်းလို အာဏာမကြာခဏသိမ်းနေပြီး ပိတ်ဆို့မှုမကြုံရလို့ ဘက်စုံတိုးတက်လာတာမျိုး သင်ယူဖို့ရော ဦးနှောက်မရှိဘူးလားလို့ မေးရမဲ့ ဒီရက်သတ္တပတ်မှာတော့ တရုတ်-မြန်မာနှစ်နိုင်ငံ ဘဏ္ဍာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတို့ကို ရိုးသားစွာပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောလာတဲ့သတင်း၊ ကုလားတန်စီမံကိန်းဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးတဲ့စီမံကိန်းတစ်ခုဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မယ်ဆိုတဲ့သတင်းနဲ့ မြန်မာနိုင်ငံကို ဒေါ်လာသန်း ၆၀ ကျော် အကူအညီပေးမဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

ဘဏ္ဍာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးကို ရိုးသားစွာလုပ်မယ်ဆိုတဲ့ တရုတ်

NLD အစိုးရဟောင်းလက်ထက်မှာ CCCC ကို လက်သိပ်ထိုးခွင့်ပြုပြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ BRI စီမံကိန်းအတွက် စီမံကိန်း ၃၃ ခု လုပ်မယ် သဘောတူညီမှုရခဲ့တဲ့ တရုတ်ရဲ့ စီမံကိန်းတွေဟာ နစက ၂ နှစ်အတွင်းမှာ အကုန်လုံးက ထင်သလောက် မတိုးတက်လာတဲ့အပြင် FDI မှာပါ စင်ကာပူရဲ့ ကျော်အတက်ခံရလို့ အရင်တုန်းကလို တရုတ်ကို အားထားနေရတဲ့အခြေအနေမဟုတ်တော့ပါဘူး။

ဒီလိုအခြေအနေမျိုးကျမှ ဘဏ္ဍာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးကို ရိုးသားစွာလုပ်မယ်လို့ ထ ပြောလာတာဟာ အရင်တုန်းက ဘယ်လိုလုပ်ခဲ့သလဲ တွေးစရာဖြစ်ခဲ့တဲ့အပြင် ရုရှား၊ စင်ကာပူ ပါဝါအပြောင်းအရွှေ့မှာ တစ်ခေတ်နောက်ကျသွားလို့ ထ ပြောရတာလား တွေးစရာပါ။ သေချာတာကတော့ မြန်မာပြည်သူလူထုရင်ထဲမှာ တရုတ်စီမံကိန်းဆိုတာနဲ့ စိတ်ပျက်တာ၊ မုန်းတီးတာတွေထင်ကျန်နေဆဲမို့ ရိုးသားစွာလုပ်မယ်ဆိုရင်တောင် အဆုံးစွန်အထိရိုးသားပေးဖို့လိုတာကို တရုတ်က သတိချပ်ရမှာပါ။

တည်ငြိမ်အေးချမ်းမှ ကုလားတန်စီမံကိန်းနဲ့ ရခိုင်ပြည်နယ်တိုးတက်ရေးလုပ်နိုင်မဲ့အခြေအနေ

ကုလားတန်စီမံကိန်းဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးတဲ့စီမံကိန်းတစ်ခုဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မယ်လို့ SAC ဥက္ကဋ္ဌပြောလာချိန်မှာ အိန္ဒိယဘက်ကလည်း ဒီကုလားတန်ဘက်စုံစီမံကိန်း နှောင့်နှေးနေရတာကြောင့် စိတ်မရှည်တော့ပါဘူး။

ကုလားတန်ဘက်စုံစီမံကိန်း ဘာကြောင့်နှောင့်နှေးနေရလဲဆိုရင် တရုတ်ရဲ့လက်ဝေခံလို့ ဆိုကြတဲ့ AA ရဲ့ စီမံကိန်းကို ဖမ်းဆီးတိုက်ခိုက်နှောက်ယှက်မှုတွေ စဥ်ဆက်မပြတ်လုပ်နေကြတာက အဓိကလို့ ပြောရမှာပါ။ လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံဟာ သူ့ရေလမ်းထွက်ပေါက်စိတ်ကူးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ချိတ်ဆက်ဖို့အထိပါ ပြင်ဆင်လာနေတာကလည်း ရခိုင်ပြည်နယ်က သူ့ကုလားတန်စီမံကိန်းမှာ AA ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေကို သည်းမခံနိုင်တော့လို့ စီမံကိန်းကို ဘင်္ဂလားဒေ့ရှ်ဆီ ပြောင်းရွှေ့စဥ်းစားတာဟာ မြန်မာပြည်ရဲ့ အဆင်းရဲဆုံးပြည်နယ်ထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်အတွက် ပါးစပ်ဝရောက်နေပြီးသား ထမင်းလုတ် ပုတ်ချခံရသလိုဖြစ်မဲ့အပြင် တိုက်ပွဲကိုကြိုလင့်ခြင်းဟာ ဆင်းရဲဒုက္ခကြာရှည်ဖို့အတွက်ပဲ ဖြစ်စေမယ်ဆိုတာ ပိုသိလာရဦးမဲ့ အခြေအနေပါ။

ဒေါ်လာ သန်း ၆၀ ကူပံ့မယ်ဆိုတဲ့ ဂျပန်

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကို ဒေါ်လာ ၄၇ သန်း ကူညီထားတဲ့ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီအဖြစ် ဒေါ်လာသန်း ၆၀ ကူညီဖို့ ပြင်ဆင်ထားသလို ဒီငွေတွေကို UNHCR၊ UNICEF၊ WFP၊ AHA Center တွေကနေ ကူညီမယ်လို့ ဆိုလာပါတယ်။

ဂျပန်ရဲ့ ကူညီလိုမှုဟာ ဒီ UN အဖွဲ့အစည်းတွေကနေတစ်ဆင့် မြန်မာတွေလိုအပ်နေတဲ့ အစားအစာ၊ ဆေးဝါး၊ အမိုးအကာ၊ ရေနဲ့ မိလ္လာ၊ အခြေခံအဆောက်အဦတွေ၊ အာဟာရမြှင့်တင်ဖို့တွေ၊ ပညာသင်ကြားခွင့်နဲ့ မူးယစ်ဆေးတိုက်ဖျက်ဖို့ဆိုပေမဲ့ ဒီလိုမျိုး နိုင်ငံတကာအကူအညီရလာလိုက် လက်ထဲရှိတဲ့ စားမဲ့ငွေက လက်နက်နဲ့ကျည်ဖြစ်ပြီး တိုက်ပွဲတွေဖြစ်လိုက်၊ တိုက်ပွဲတွေဖြစ်လာလို့ ပိုပျက်စီးထိခိုက်လိုက်ဖြစ်နေတဲ့အခြေအနေတွေကို မှန်းဆတွေးဖို့လိုပါတယ်။ ဂျပန်ရဲ့အကူအညီ၊ နိုင်ငံတကာရဲ့အကူအညီတွေဟာ မြန်မာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေအတွက် လောင်စာမဖြစ်မှသာ မြန်မာနိုင်ငံက တိုက်ပွဲတွေ ပျက်စီးဆုံးရှုံးမှုတွေလျော့ကျထိန်းချုပ်နိုင်မှာကို ဆင်ခြင်သတိနဲ့ လှုကြည့်ပါဦးလို့ အကြံပြုရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *