သက်တံ့
၅. ၆. ၂၀၂၆
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ခြောက်နှစ်အတွင်း ၎င်း၏ ပထမဆုံးသော ခရီးစဉ်အဖြစ် လာမည့်အပတ်တွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်ပါ တွေ့ဆုံမည့် ယခုခရီးစဉ်သည် ရှီကျင့်ဖျင်အတွက် မြောက်ကိုရီးယားသို့ ဒုတိယအကြိမ်မြောက် သွားရောက်ခြင်းဖြစ်သည်။ တရုတ်သမ္မတသည် ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ နှစ်ရှည်လများ မပိတ်သိမ်းမီ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ဖူးသည်။
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားဗုံးသုံး လောင်စာထုတ်လုပ်မည့် စက်ရုံအသစ်တစ်ခုကို ဖွင့်လှစ်ပြသခဲ့ပြီး နောက်တစ်ရက်တွင် ရှီကျင့်ဖျင်၏ ခရီးစဉ်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါစက်ရုံသို့ သွားရောက်စဉ်အတွင်း ကင်ဂျုံအွန်က နိုင်ငံ၏ နျူကလီးယားအင်အားကို “အဆမတန် တိုးမြှင့်သွားရန်” အစီအစဉ်များကို ကြေညာခဲ့သည်။
ပေကျင်းနှင့် ပြုံယမ်းတို့သည် နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့ပြီးနောက်ပိုင်း ယခုအခါ ၎င်းတို့၏ ဆက်ဆံရေးကို သတိကြီးစွာဖြင့် ပြန်လည်တည်ဆောက်နေကြသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အနှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် စစ်ရေးပြအခမ်းအနားသို့ ကင်ဂျုံအွန် တက်ရောက်ခဲ့သေးသည်။
ယင်းခရီးစဉ်သည် ကင်ဂျုံအွန်အနေဖြင့် သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နှင့်အတူ အဓိကကျသော နိုင်ငံစုံ ပူးတွဲအခမ်းအနားတစ်ခုသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
Ref: HVN (Including AP & EFE)
