၅.၆.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဒန့်ဒလွန်ကျေးရွာအုပ်စု ညောင်ဖြူကျေးရွာတွင် အရက်မူးနေသူက အိမ်ပေါ်တက်ကာ ရန်ရှာသဖြင့် ဓားဖြင့်ခုတ်သတ်မှု ဇွန်လ ၄ ရက် နံနက်၂ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ ကနဦး သိရသည်။
ဖြစ်စဥ်တွင် အသက် ၃၅ နှစ်အရွယ် ဦးကျော်မျိုးအောင်ဆိုသူက အရက်သောက်ကာ တဲပေါ်သို့တက်၍ ရန်ရှာခြင်း၊ အနိုင်ကျင့်ခြင်းနှင့်ဓားဆွဲကာ ရန်စခြင်းများပြုလုပ်သဖြင့် အသက် ၄၉ နှစ်အရွယ်ရှိ ဦအေးဝင်းဆိုသူက ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး သိရသည်။
ဓားခုတ်ခံရသူ ဦးကျော်မျိုးအောင်၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရပြီး ကျူးလွန်သူအမျိုးသားကိုလည်း သက်သေခံဓားနှင့်အတူ ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လူသတ်မှုနှင့်ပတ်သက်၍ ပန်းတောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
