၅.၆.၂၀၂၆
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စိန့်ပီတာစဘတ်မြို့မှာကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်မှာ မီဒီယာတွေနဲ့ စကားပြောနေစဉ်မှာပဲ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဇွန်လ ၄ ရက်မှာ ရုရှားခေါင်းဆောင်ထံ ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာမှာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေးကို အဆိုပြု တောင်းဆိုထားတယ်လို့ သိရပါတယ်။ ထိုအဆိုပြုချက်က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကို ယူကရိန်းက မောင်းသူမဲ့လေယာဉ်တွေနဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
“ရုရှားနိုင်ငံသားတွေအဖို့ စစ်ပွဲက နောက်ဆုံးမှာ သူတို့အတွက် သက်သောင့်သက်သာ မရှိတော့တာကို ကျွန်တော်တို့ အားလုံး မြင်တွေ့နိုင်ပါတယ်။ စစ်ပွဲက ရုရှားနိုင်ငံအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေ ပိုမိုယူဆောင်လာနေပါတယ်” လို့ ဇယ်လန်စကီးက သူ့ရဲ့စာမှာ ရေးသားခဲ့ပါတယ်။ “အမြင်အားဖြင့်တော့ စစ်ပွဲမှာ အဆုံးမရှိဆိုတဲ့ အချက်ကို သူတို့ မကြိုက်ကြပါဘူး” လို့လည်း သူကဆိုခဲ့ပါတယ်။
ယူကရိန်းခေါင်းဆောင်က ပူတင်ဟာ ယူကရိန်းဒေသတွေ အထူးသဖြင့် ဒွန်တက်စ်ခ်ဒေသကို သိမ်းပိုက်ဖို့ နောက်ဆုံးရက်တွေကို အရင်လိုပါပဲ ရွှေ့ဆိုင်းခဲ့ရပါပြီလို့ ပြောကြားခဲ့ပါတယ်။ သူက “ဒီနှစ်မှာလည်း မင်း သိမ်းပိုက်လို့ရမှာ မဟုတ်ဘူး” လို့ ဇယ်လန်စကီးက ပြောခဲ့ပါသေးတယ်။
ဇယ်လန်စကီးက အိတ်ဖွင့်ပေးစာမှာ စစ်ပွဲပြီးဆုံးဖို့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးကြဖို့ ပူတင်ကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ သူက အမေရိကန်ပြည်ထောင်စုဟာ အီရန်ကိစ္စကို အပြည့်အဝ အာရုံစိုက်နေရာက ယူကရိန်းအရေးပြန်လည်အလေးထားလာတဲ့အထိ ငြိမ်းချမ်းရေးအတွက် စောင့်ဆိုင်းမနေသင့်ဘူးလို့ မြင်ပါတယ်လို့ ဆိုခဲ့ပါတယ်။
“ယူကရိန်းက ကျွန်တော်တို့နဲ့ ခင်ဗျားတို့ကြား တိုက်ရိုက်ထိတွေ့ဆွေးနွေးမှုတွေကနေတစ်ဆင့် ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အဆိုပြုပါတယ်။ ဒီအတွက် ညှိနှိုင်းအစည်းအဝေးတစ်ခု ကျင်းပဖို့လည်း အဆိုပြုပါတယ်၊ ညှိနှိုင်းအစည်းအဝေးတွေအတွင်း အပြည့်အဝ အပစ်အခတ်ရပ်စဲရေး ရှိသင့်တယ်” လို့ ဇယ်လန်စကီးက စာမှာရေးသားခဲ့ပါတယ်။ ဒါ့ပြင် ညှိနှိုင်းဆွေးနွေးမှုကို တတိယနိုင်ငံတစ်ခုမှာ ကျင်းပသင့်ပြီး ရှင်းလင်းတဲ့ရက်စွဲ သတ်မှတ်သင့်တယ်လို့လည်း စာမှာ ထပ်လောင်းဖော်ပြခဲ့ပါတယ်။
ဇယ်လန်စကီးအနေနဲ့လည်း မော်စကိုဆီကိုသွားဖို့ဆိုတာ လက်တွေ့မကျ၊ မဖြစ်နိုင်တဲ့အချက်ဘဲလို့ သူ့ရဲ့စာမှာ ပြောခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့ပ်ရဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အဆိုပြုချက်တွေဟာ ငြိမ်းချမ်းရေးသဘောတူညီချက်တွေအတွက် အခြေခံအုတ်မြစ် ဖြစ်နိုင်ပေမယ့် နှစ်နိုင်ငံစလုံးက ညှိနှိုင်းမှုတွေ လိုအပ်မယ်လို့ စိန့်ပီတာစဘတ်မှာ ပြောကြားခဲ့ပါတယ်။ သမ္မတ ပူတင်က “ယေဘုယျအားဖြင့် ဒီညှိနှိုင်းမှုတွေကို ကျွန်တော်တို့ သဘောတူခဲ့ပါတယ်။ ယူကရိန်းဘက်က ဒါကို ယုံကြည်အောင် လုပ်ရုံပါပဲ၊ ဒါပေမယ့် အလုံးစုံပြောရရ အမေရိကန်သမ္မတရဲ့ အဆိုပြုချက်တွေဟာ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တွေအတွက် အခြေခံအုတ်မြစ် ဖြစ်လာနိုင်ပြီး ဒီပဋိပက္ခကို အဆုံးသတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
Ref : CNN
