၄.၆.၂၀၂၆
Written By Min Thet
ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် လိမ်လည်ခေါ်ဆောင်သွားပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့သည့် မြန်မာနိုင်ငံသားကို CCTV မှတ်တမ်းများက တစ်ဆင့် ဖမ်းမိထားကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဇွန်လ ၃ ရက် နံနက် ၇ နာရီခန့်က ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်အတွင်း ကန်ချနာဒစ်ဒေသ စူရတ်ဌာနီ-နခွန်စီထမရတ်လမ်းဘေး မြက်တောထဲတွင် သေဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းကို တွေ့ရှိခဲ့သည့်အတွက် လမ်းအသုံးပြုသူများက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် မအိအိဖြူ ဖြစ်ပြီး အလောင်းကို စစ်ဆေးရာ ဦးခေါင်းတွင် ထုရိုက်ခံထားရသော ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။


ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများဖြင့် ပိတ်ဆို့ရှာဖွေရာ ကျူးလွန်သည့် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်စိုးလင်း ဆိုသူကို ၎င်းနေထိုင်ရာအခန်းအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က စစ်ဆေးစဉ် အခင်းမဖြစ်ပွားမီည ဇွန်လ ၂ ရက် ညပိုင်းက ကန်ချနိတ်ဆေးရုံအနီးတွင် ဘီယာဝယ်ခဲ့ပြီး ၎င်းတို့နှစ်ဦး ဆိုင်ကယ်ဖြင့်ထွက်ခွာလာရာ အခင်းဖြစ်သောနေရာအရောက်တွင် စကားများရန်ဖြစ်ခဲ့ကာ လူသတ်မှုကျူးလွန်ခဲ့ကြောင်း၊ ကျောက်ခဲဖြင့် မသေမချင်း ထုသတ်ကာ အလောင်းကို မြောင်းထဲသို့ တွန်းချခဲ့ကြောင်း အောင်စိုးလင်းက ဝန်ခံထားသည်။
ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူအား မှုခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်သွားခဲ့ရာ လမ်းဘေးရှိ မြောင်းထဲတွင် သွေးများ ကပ်နေသော ကျောက်တုံးကြီးနှင့်သေဆုံးသူ၏ ဆွဲကြိုး တစ်ကုံးကိုပါ တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ ဖြစ်စဉ်တွင် အမျိုးသမီးက အလိုမတူသည့်အတွက် အဓမ္မပြုကျင့်ရန်အစီအစဉ် ပျက်ပြယ်၍ ကျောက်ခဲဖြင့် ထုသတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။
ယခုအခါ ကျူးလွန်သူအောင်စိုးလင်းကို လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး ကန်ချနာဒစ်ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားကြောင်းနှင့် ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
