၄. ၆. ၂၀၂၆
Translated by Thettant
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ချောင်းများ ကာကွယ်ရေးကွန်ရက်အဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ချင်းရိုင် (Chiang Rai) ခရိုင်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး နယ်စပ်ဖြတ်ကျော် သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်နေသည့် အဆိပ်သင့်မြစ်ရေညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လာရောက် နားထောင်ပေးရန် တောင်းဆိုလိုက်သည်။
အဆိုပါအဖွဲ့သည် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) ထံသို့လည်း အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး၊ ယင်းပြဿနာကို အမျိုးသားရေးဦးစားပေးကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ရန်နှင့် မြန်မာ၊ လာအိုနိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်ဖြတ်ကျော်မြစ်များ ညစ်ညမ်းမှုအပေါ် အစိုးရအနေဖြင့် ပိုမိုပြတ်သားစွာ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
ဤတောင်းဆိုချက်များသည် မြန်မာနှင့် လာအိုနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ မြစ်ချောင်းများတွင် ရေထုညစ်ညမ်းမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒေသခံအဖွဲ့အစည်းများက စနစ်တကျထိန်းချုပ်ထားခြင်းမရှိသည့် သတ္တုတူးဖော်ရေး လုပ်ငန်းများကြောင့် ဒေသခံလူထု အဓိကအားထားနေရသည့် ရေလမ်းကြောင်းများထဲသို့ အဆိပ်သင့်သတ္တုများ (Heavy Metals) စီးဝင်နေရသည်ဟု ပြစ်တင်ဝေဖန်ထားကြသည်။
ကော့ခ်မြစ်၊ ဆိုင်မြစ်၊ ရုအက်မြစ်၊ မဲခေါင်နှင့် သံလွင်မြစ်များ ကာကွယ်စောင့်ရှောက်ရေး ဒေသခံလူထု ကွန်ရက်အဖွဲ့ (The Local Community Network for Mae Kok, Mae Sai, Ruak, Mekong and Salawin River Protection) သည် အင်္ဂါနေ့က ဝန်ကြီးချုပ် အနုတင်နှင့် တရုတ်သံအမတ်ကြီး ကျန်းကျန့်ဝေ (Zhang Jianwei) တို့ထံ ပေးပို့သည့် စာများကို ထုတ်ပြန်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ရေထုညစ်ညမ်းမှုကို ချက်ချင်းအရေးယူဖြေရှင်းပေးရန် တိုက်တွန်းခဲ့သည်။
ဤဖိတ်ကြားချက်သည် မနက်ဖြန် သောကြာနေ့ (ဇွန် ၅ ရက်) တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အဆိုပါကွန်ရက်က ပြုလုပ်မည့် လှုပ်ရှားမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းလှုပ်ရှားမှုများတွင် ဓမ္မယတြာ (Dhamma Yatra) လမ်းလျှောက်ခြင်းနှင့် မြစ်ရေညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများကို အများပြည်သူ သိရှိနားလည်စေရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများ ပါဝင်သည်။
ထို့အတူ မြန်မာနှင့် လာအိုနိုင်ငံတို့ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ စီးဆင်းနေသည့် နယ်စပ်ဖြတ်ကျော်မြစ်များထဲတွင် အာဆင်းနစ် (Arsenic – စိန်သတ္တု)၊ ခဲ (Lead) နှင့် ကက်ဒမီယမ် (Cadmium) ကဲ့သို့သော အဆိပ်သင့်ဓာတ်ပစ္စည်းများ စုပုံလာနေကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် အနုတင် ထံပေးပို့သည့် မြစ်ချောင်းများကာကွယ်ရေးကွန်ရက်အဖွဲ့၏ တောင်းဆိုချက်များတွင် ညစ်ညမ်းနေသည့် မြစ်ချောင်းများဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ကြီးကြပ်နိုင်ရေး အမျိုးသားအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန်၊ သတ္တုကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည့် မြန်မာ၊ တရုတ်နိုင်ငံတို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ပိုမိုခိုင်မာစွာ ဆက်သွယ်ဆွေးနွေးရန်၊ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် မြေရှားဒြပ်စင် သတ္တုရိုင်းများ (Rare earth minerals) နှင့် အခြားစက်မှုလုပ်ငန်းသုံး သတ္တုရိုင်းများ သယ်ယူပို့ဆောင်မှုကို ရပ်ဆိုင်းပေးရန်၊ ထိခိုက်နစ်နာရသည့် ဒေသခံလူထုအတွက် အခြားသန့်ရှင်းသော ရေအရင်းအမြစ်များ ပံ့ပိုးပေးရန်၊ ရေထုနှင့် မြစ်အောက်ခြေ အနယ်အနှစ်များတွင် လေးလံသောသတ္တုများ ပါဝင်မှုကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်စစ်ဆေးရန်နှင့် ရေထွက်အစားအစာ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်ပူပန်မှုများကြောင့် စီးပွားရေးထိခိုက်ခဲ့ရသည့် ရေပေါ်ဖောင်စားသောက်ဆိုင် လုပ်ငန်းရှင်များကို နစ်နာကြေးပေးရန် တောင်းဆိုခဲ့သည်။
တရုတ်သံအမတ်ကြီး မစ္စတာကျန်း ထံပေးပို့သည့် စာတွင်မူ မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် လာအိုနိုင်ငံတို့ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထိခိုက်နစ်နာနေရသည့် ဒေသခံများ၏ အသံကို နားထောင်ရန် ချင်းရိုင်သို့ လာရောက်ပါရန် ဖိတ်ကြားထားသည်။ အဆိုပါတောင်းဆိုချက်သည် ထိခိုက်မှုရှိနေသည့် မြစ်များ၏ ရေအရည်အသွေးမှာ ဘေးကင်းလုံခြုံမှုစံနှုန်းအတွင်း၌သာ ရှိနေသေးကြောင်း တရုတ်သံရုံး၏ ပြောကြားချက် ထွက်ပေါ်လာပြီးနောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
Ref : Bangkok Post
