၄. ၆. ၂၀၂၆
Translated by Thettant
အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂအဖွဲ့ကြီးတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ခါလီလာ ရာမန် (Khalilur Rahman) သည် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ သဘာပတိ/ ဥက္ကဋ္ဌ (President) အဖြစ် အင်္ဂါနေ့က ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၀ က မဲပေးခဲ့ကြရာတွင် ရာမန်က မဲအရေအတွက် ၉၉ မဲ ရရှိခဲ့ပြီး ၉၁ မဲသာ ရရှိခဲ့သည့် ပြိုင်ဘက်ဖြစ်သူ ဆိုက်ပရပ်စ် (Cyprus) နိုင်ငံခြားရေးဝန်ကြီး၏ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးသံတမန် အန်ဒရီးယာစ် ကာကူးရစ် (Andreas Kakouris) ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ရာမန်သည် သဘာပတိအဖြစ် ရွေးကောက်ခံရပြီးနောက် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်နှင့် ကုလသမဂ္ဂအတွင်း အများသဘောတူညီချက်များ ပိုမိုရရှိလာစေရန် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
“ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ သဘာပတိတစ်ဦးအနေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်ဖို့၊ အများသဘောတူညီချက်တွေကို ပျိုးထောင်ပေးဖို့နဲ့ အားလုံးက လက်ခံပိုင်ဆိုင်နိုင်မယ့် ရလဒ်တွေ ထွက်ပေါ်လာစေမယ့် ရိုးသားဖြောင့်မတ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် လမ်းဖွင့်ပေးဖို့ အစွမ်းကုန် ကြိုးစားအားထုတ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်း၏ သဘာပတိသက်တမ်းအတွင်း အဓိကလုပ်ငန်းစဉ် မဏ္ဍိုင် (၆) ရပ်ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရာမန်က ပြောကြားခဲ့ပြီး အဆိုပါအချက်များမှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ၂၀၃၀ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (2030 Agenda)၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူ့အခွင့်အရေး၊ ဉာဏ်ရည်တု (AI) အပါအဝင် ပေါ်ထွက်လာဆဲ နည်းပညာရပ်များနှင့် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး တို့ဖြစ်သည်။
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆောင်ပုဒ်မှာ “ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်း၊ အသွင်ကူးပြောင်းမှုကို စီမံခန့်ခွဲခြင်း – အားလုံးအတွက် အကျိုးပြုမည့် ကုလသမဂ္ဂ” (Restoring Trust, Managing Transformation: A United Nations That Delivers for All) ဟူ၍ ဖြစ်သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ရာမန်၏ ရွေးကောက်ခံရမှုအပေါ် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ ရာမန်အနေဖြင့် ကုလသမဂ္ဂအတွက် “ကြီးမားသော စိန်ခေါ်မှုများနှင့်အတူ နက်ရှိုင်းသော အခွင့်အလမ်းများပါ ရှိနေသည့် အချိန်အခါမျိုး” တွင် အထွေထွေညီလာခံ၏ ဦးဆောင်မှုကို လွှဲပြောင်းရယူရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သလို “ဒါပေမဲ့ ဒီအထွေထွေညီလာခံမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေတဲ့ သံတမန်ရေးရာ၊ တွေ့ဆုံဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေက ကျွန်တော်တို့ကို သဘောထားကွဲလွဲမှုတွေကနေ ဘုံရည်မှန်းချက်တစ်ခုအတွက် အတူတကွ လက်တွဲလုပ်ဆောင်လိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေအဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်အသစ်ကို ပေးပါတယ်” ဟု ဂူတာရက်စ်က ဆက်လက် ပြောဆိုသည်။
(၈၀) ကြိမ်မြောက် အထွေထွေညီလာခံ၏ သဘာပတိအဖြစ် တာဝန်ယူခဲ့သူ အာန်နာလီနာ ဘေယာဘော့ခ် (Annalena Baerbock) ကလည်း ရာမန် တာဝန်ထမ်းဆောင်ရမည့် သက်တမ်းသည် “ရိုးရှင်းသာမန်သော အချိန်ကာလမျိုး လုံးဝမဟုတ်ကြောင်း” ပြောကြားခဲ့သည်။ အများသဘောတူညီချက် ရယူရန် လွယ်ကူရိုးရှင်းစွာ မတွေးတောနိုင်တော့ဘဲ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ကာကွယ်စောင့်ရှောက်ဖို့က နေ့စဉ်မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာသည့် ယခုလိုခေတ်ကာလတွင် အထွေထွေညီလာခံ သဘာပတိ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာကြောင်း သူမက ထောက်ပြခဲ့သည်။
သို့သော်လည်း ရာမန်သည် ဆယ်စုနှစ်ပေါင်းများစွာ သံတမန်ရေးရာနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများ ရှိထားသူဖြစ်သဖြင့် ယခုရာထူးနေရာအတွက် “အပြည့်အဝ အဆင်သင့်ဖြစ်နေသူ” ဖြစ်ကြောင်း ဘေယာဘော့ခ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ရာမန်သည် လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စတင်ဖွင့်လှစ်ချိန်မှစ၍ သဘာပတိအဖြစ် သက်တမ်း (၁) နှစ်ကြာ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
Ref : Khmer Times
