၄.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟုကို ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း ဝေဖန်ခဲ့ရာမှာ မိုက်မိုက်မဲမဲ ရူးရူးသွပ်သွပ် လုပ်နေတာပဲလို့ ဆဲဆို ကြိမ်းမောင်းမှုတွေပြုခဲ့တယ်လို့ Pod Force One ရုပ်မြင်သံကြားအစီအစဉ်နဲ့ ဇွန်လ ၃ ရက်က တွေ့ဆုံ မေးမြန်းရာမှာ ဝန်ခံခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေနဲ့ အစ္စရေးရဲ့တိုက်ပွဲတွေက အီရန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို နှောင့်နှေးစေလို့ သူ့အဖို့ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့လည်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတက ဇွန်လ ၃ ရက် ထုတ်ပြန်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ သူတို့နှစ်ယောက်ကြား တင်းမာမှုတွေကို ဝန်ခံခဲ့ပေမယ့် တစ်စိတ်တစ်ပိုင်းအားဖြင့် သူတို့နှစ်ဦးစလုံးဟာ စစ်ပွဲကာလ ခေါင်းဆောင်တွေဖြစ်လို့ နေတန်ရာဟုနဲ့ သူ့ရဲ့ဆက်ဆံရေးဟာ ခိုင်မာပြီး ချိတ်ဆက်မှုရှိတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က “ကျွန်တော်တို့အတူတကွ အလွန်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ကျွန်တော် ဘီဘီကို အရမ်းကြိုက်ပါတယ်။ ပြီးတော့ ကျွန်တော် သူနဲ့လည်း အလွန်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပါတယ်” လို့ The New York Post သတင်းစာ ရဲ့ Pod Force One ကို ပြောခဲ့ပါတယ်။
အမေရိကန်စီးပွားရေးသတင်းချန်နယ် CNBC နဲ့ တွေ့ဆုံမေးမြန်းရာမှာလည်း နေတန်ရာဟုက သူနဲ့ ထရမ့်ပ် တို့ဟာ တစ်ခါတစ်ရံ နည်းဗျူဟာဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ရှိပေမယ့် ဘုံရည်မှန်းချက် တွေ ရှိပြီး အဓိကအချက်တွေမှာ သဘောတူညီကြတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
နေတန်ရာဟုက “သူက ကျွန်တော့်ကို လေးစားတယ်။ ကျွန်တော်ကလည်း သူ့ကို အမြဲလေးစားပါတယ်။ ဒီတော့ ကျွန်တော်တို့ကြား ကွဲလွဲချက်တွေကို အမြဲတန်းတွက်ချက် အဖြေရှာဖြေရှင်းကြတယ်” လို့လည်း ပြောခဲ့ပါတယ်။
ဇွန်လ ၁ ရက်က ထရမ့်ပ်နဲ့နေတန်ရာဟုတို့ ဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်လို့ သမ္မတထရမ့်ပ်ရဲ့ မှတ်ချက်တွေက စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းနဲ့ စီးပွားရေး မရေရာမှုတွေက ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလီကန်ပါတီရဲ့ အလားအလာတွေကို ခြိမ်းခြောက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးကို အနှောင့်အယှက်ဖြစ်စေတာနဲ့အမျှ အီရန်စစ်ပွဲကို ဖြေရှင်းဖို့ သူရင်ဆိုင်နေရတဲ့ ဖိအားတွေ တိုးပွားလာနေတာကို ပြသတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေက ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့ပြီး အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့နဲ့ယ် အစ္စရေးတို့ရဲ့ ကျယ်ပြန့်လာတဲ့ စစ်ပွဲက တင်းမာမှုတွေကို ဖြစ်စေခဲ့ပါတယ်။ အီရန်က စစ်ပွဲမှာရရှိလာမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေက လက်ဘနွန်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်နေမှုတွေကိုလည်း ရပ်ဆိုင်းစေရမယ်လို့ အခိုင်အမာပြောဆို နေတာကြောင့် ပဋိပက္ခတွေက ပိုမိုရှုပ်ထွေးလာနေရပါတယ်။
Ref- AP
