၄. ၆. ၂၀၂၆
Translated by Thettant
အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏မိခင်ထံ လိင်ပိုင်းဆိုင်ရာ တောင်းဆိုမှုများ ပါဝင်သည့် မက်ဆေ့ချ်များ ပေးပို့ခဲ့ပြီးနောက် မိခင်ဖြစ်သူက သူမ၏လုံခြုံရေးအတွက် စိုးရိမ်သဖြင့် ရဲတပ်ဖွဲ့ထံ အကာအကွယ်တောင်းခံခဲ့ရာမှ အဆိုပါအမျိုးသား ဖမ်းဆီးခံခဲ့ရသည်။
မိခင်ဖြစ်သူ၏ တိုင်ကြားချက်အရ စမွတ်ပရာကန်ခရိုင်၊ ဆမ်ရွန်တိုင်ရဲစခန်းမှ ရဲအရာရှိများသည် “ဂန်ဂျွန်ပါလန်း” (Gun Jompalang) ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများ၏ ကူညီမှုဖြင့် သံသယရှိသူအား ဗုဒ္ဓဟူးနေ့(ဇွန် ၃ ရက်) ညနေ ၅ နာရီခွဲခန့်အချိန်က ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့သည်။
တရားခံကို စွန်လွမ် (Suan Luang) ခရိုင်၊ ပရာခနွန် (Phra Khanong) တူးမြောင်းအနီးရှိ ရပ်ကွက်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသားကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ပုံမှန်လူနေမှုဘဝကို ထိခိုက်စေသည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဆမ်ရွန်တိုင်ရဲစခန်းမှ ရဲမှူးကြီး ပီယာဝပ် ပတ်ချာရာနီယာသမ် (Pol Col Piyawat Patcharaniyatham) က ပြောကြားခဲ့သည်။
ဤအမှုသည် ဖော်လိုဝါ ၁၀ သန်းရှိသည့် လူမှုထူးချွန်တက်ကြွလှုပ်ရှားသူ ဂန်တပ်ချ် “ဂန်ဂျွန်ပါလန်း” ပွန်ပိုင်ဘွန်ဝက် (Guntouch “Gun Jompalang” Pongpaiboonwet) ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မိခင်အမျိုးသမီး ခံစားခဲ့ရသည့် ဒုက္ခများကို အသေးစိတ် မျှဝေခဲ့ရာမှတစ်ဆင့် လူထုကြား ပထမဆုံး စတင်သိရှိခဲ့ခြင်းဖြစ်သည်။
တိုင်ကြားချက်အရ သံသယရှိသူသည် ၎င်းနှင့်၎င်း၏မိခင်မှာ လင်မယားဖြစ်သည်ဟု အိမ်နီးနားချင်းများကို ပြောဆိုခဲ့ကြောင်း သိရသည်။ သားဖြစ်သူ၏ အပြုအမူများမှာ ပိုမိုဆိုးရွားလာသဖြင့် မိခင်ဖြစ်သူသည် သူမ၏လုံခြုံရေးအတွက် ပိုမိုစိုးရိမ်ပူပန်လာခဲ့သည်။
သားဖြစ်သူက မိခင်ထံ ပေးပို့ထားသည့် မက်ဆေ့ချ်အချို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပေါက်ကြားလာခဲ့ရာ လူထုကြားတွင် စိတ်ပျက်တုန်လှုပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ ကွန်မန့်ရေးသားသူများက အရွယ်ရောက်ပြီးသူ သားဖြစ်သူ၏ လုပ်ရပ်အပေါ် ဒေါသထွက်ခဲ့ကြပြီး နှောင့်ယှက်မှုများကို သည်းခံခဲ့ရသည့် မိခင်အပေါ် စာနာစိတ်ဖြစ်မိကြောင်း ဖော်ပြခဲ့ကြသည်။
မိခင်ဖြစ်သူက သားဖြစ်သူသည် သူမအား ကြည့်သည့်အကြည့်များ ပြောင်းလဲသွားပြီး မိခင်တစ်ဦးအပေါ် သားတစ်ဦးက ကြည့်သည့်အကြည့်မျိုး မဟုတ်တော့ကြောင်း အာဏာပိုင်များကို ပြောကြားခဲ့သည်။ ထို့အပြင် သားဖြစ်သူမှာ စိတ်ချောက်ချားခြင်း၊ အသံများကြားရခြင်းနှင့် စိတ်ကြမ်းကိုယ်ကြမ်း အပြုအမူများကို မကြာခဏ ပြုလုပ်လေ့ရှိကြောင်းလည်း သူမက ပြောဆိုခဲ့သည်။
တရားခံအား အကြိုစစ်ဆေးမေးမြန်းမှုအတွင်း ၎င်း၏မိခင်ထံ LINE အပလီကေးရှင်းမှတစ်ဆင့် လိင်ဆက်ဆံရန် တောင်းဆိုသည့် မက်ဆေ့ချ် ပေးပို့ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ဝန်ခံမှုအရ ဖမ်းဆီးပြီး ခေါ်ဆောင်လာစဉ်အတွင်း အဆိုပါအမျိုးသားမှာ စိတ်အာရုံချောက်ချားမှုများ ကြုံတွေ့နေရဆဲဖြစ်ပြီး တစ်ခါတစ်ရံ စကားများကို လျှောက်ပြောနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ၎င်းက ထိုနေ့နံနက်ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား (ယာဘ) သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့သည်။ အဆိုပါပြစ်မှုသည် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်၊ သို့မဟုတ် ဒဏ်ငွေ ဘတ် ၄၀,၀၀၀ အထိ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားခဲ့သည်။
လက်ရှိတွင် အာဏာပိုင်များက သံသယရှိသူ မူးယစ်ရူးသွပ်မှုများ အရှိန်ပြေတည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းနေပြီး ထို့နောက်မှ ထပ်မံစစ်ဆေးမေးမြန်းကာ ဥပဒေကြောင်းအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
Ref : Bangkok Post
