၄.၆.၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန် ၄ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတပေးပို့သော အစိုးရအဖွဲ့အမည်စာရင်းများကို မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက လွှတ်တော်သို့ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီးနောက် နိုင်ငံတော်သမ္မတထံသို့ နိုင်ငံတကာခေါင်းဆောင်များမှ ပေးပို့လာသည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်သော ဦးဝင်းဇော်မိုးက ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဖွဲ့စည်းခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်များ ခန့်အပ်တာဝန်ပေးခြင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်းတို့ကို တင်ပြခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်းတို့ကို ဆက်လက်တင်ပြခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်၊ နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့သည်။








