၂.၆.၂၀၂၆
Written by Linn Eain
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ယနေ့ ဇွန် ၂ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၅ နှင့် ၂ဝ၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နေပြည်တော်တွင် ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာယူပြီးနောက် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ကတိသစ္စာပြုကြခြင်း၊ ယင်းနောက် ပြည်သူ့လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် ဒုတိယပုံမှန် အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ကာ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌထံသို့ ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ပြီး ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ ဖွဲ့စည်းကြောင်းနှင့် ကော်မတီတွင်ပါဝင်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို လွှတ်တော်သို့ အသိပေးတင်ပြခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ကော်မတီများမှ ကော်မတီဝင်များ အစားထိုး ပြင်ဆင် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက် ရယူမည်ဖြစ်ပြီး ယင်းနောက် အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။






