MT News
၂. ၆. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေရာ ယမန်နေ့ ဇွန်လ ၁ ရက်တွင် အိန္ဒိယသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းတွင် နယူးဒေလီမြို့၊ Palam လေတပ်စခန်းမှတစ်ဆင့် အထူးလေယာဥ်ဖြင့် မွမ်ဘိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ယနေ့နေ့လယ်ပိုင်းတွင် မဟာရဋ္ဌပြည်နယ်၊ မွမ်ဘိုင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
မွန်ဘိုင်းမြို့ရှိ ချာ့ထရာပါတီ ရှီဗာဂျီ မဟာရပ်ဂျ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား မဟာရဋ္ဌပြည်နယ် အုပ်ချုပ်ရေးမှူး (ဘုရင်ခံ) ဂျစ်ရှ်နူး ဒက်ဗ်ဗာမားနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဂျေကူးမား ရာဝါးတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ မဟာရဋ္ဌ ဘုရင်ခံသည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုကြိုဆို ဧည့်ခံပွဲကို ယနေ့ညနေပိုင်းတွင် ဘုရင်ခံ၏ တရားဝင်အိမ်တော်ဖြစ်သော Lok Bhavan ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဦးမင်းအောင်လှိုင်၏ မွမ်ဘိုင်းမြို့ခရီးစဉ်အတွင်း ယနေ့ ဇွန်လ ၂ ရက်နှင့် မနက်ဖြန်တို့၌ မဟာရဋ္ဌပြည်နယ် (Maharashtra) ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေးမှူးတို့နှင့် တွေ့ဆုံရန်ရှိပြီး အခြားစီးပွားရေးကဏ္ဍ ဆွေးနွေးမှုများ ပြုလုပ်ရန်လည်း စီစဉ်ထားကြောင်း အိန္ဒိယသတင်းဌာန NDTV က ဖော်ပြထားသည်။








