ပုံစာ။ မင်းထင်ကိုကိုကြီး မသေဆုံးမီ ပုံရိပ် (Photo - Credit)
နေမိုး
၂. ၆. ၂၀၂၆
ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ယနေ့ ဇွန် ၂ ရက် နံနက်ပိုင်းတွင် ကာလရှည်ခံစားနေရသည့် အသည်းကင်ဆာဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် အသည်းကင်ဆာခံစားနေရသည်မှာ ဆယ်စုနှစ်နီးပါး ကြာမြင့်ပြီဖြစ်ပြီး ယခုနှစ် မေလ ၁၇ ရက်၌ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် “ကျန်းမာရေးကြောင့် Facebook နဲ့ ခဏ ဝေးနေခဲ့တယ်။ စိတ်မကောင်းစရာကောင်းတာက အဲဒါကို သတိထားမိတဲ့သူ မရှိသလောက်ပါပဲ” ဟူ၍ ဝမ်းနည်းစကားဆိုခဲ့ကြောင်း မီဒီယာအချို့က ဖော်ပြခဲ့ပြီး ရက်သတ္တပတ်သုံးပတ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်သလို လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ်လည်း လုပ်ဆောင်ပြီး လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူလည်းဖြစ်သည်။ ထို့အပြင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုလည်း ဦးဆောင် ကျင်းပခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းရုပ်ရှင်ကိုလည်း ရိုက်ကူးခဲ့သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးတွင် ဒါရိုက်တာအဖြစ် အစောဆုံး ပါဝင်ခဲ့သော်လည်း နောက်ပိုင်း နုတ်ထွက်သွားခဲ့သည်။
မင်းထင်ကိုကိုကြီးသည် NLD အား အမာခံ ထောက်ခံသူတစ်ဦးအဖြစ်လည်း ထင်ရှားပြီး တပ်မတော်ကို ဝေဖန်တိုက်ခိုက်မှုများကြောင့် ထောင်ကျဖူးသူလည်းဖြစ်သည်။
အသည်းကင်ဆာဖြင့် သေဆုံးချိန်တွင် အသက် ၆၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ထိုရောဂါမှာ ၂၀၁၈ ခုနှစ်ကတည်းက ပထမအကြိမ် ခွဲစိတ်ထားရသလို ဘီပိုးကြောင့် ၂၀၂၃ ခုနှစ်တွင် ထပ်မံကုသမှုခံယူနေသော်လည်း ထိုကာလရှည်ရောဂါဖြစ်ပင် ယနေ့ သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးမှာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအငြင်းပွားမှုတွင်လည်း ထပ်မံဖမ်းဆီးခံခဲ့ရပြီး ထောင်မှ ပြန်လည်လွတ်မြောက်လာအပြီးတွင် ၎င်း၏လူမှုကွန်ရက်အကောင့်ကိုပိတ်ကာ ဆဲဆို ဝေဖန်တိုက်ခိုက်မှုများ ပြုနေခဲ့သလို ယခု သေဆုံးချိန်တွင်လည်း သေဆုံးမှု မှန်ကန်ကြောင်းသာ အတည်ပြုနိုင်ပြီး မည်သည့်နေရာတွင် သေဆုံးသည်ဆိုခြင်းနှင့် မည်သည့်နေ့၊ မည်သည့်သုသာန်တွင် သင်္ဂြိုဟ်မည်ဆိုသည်ကိုမူ မိသားစုဘက်က အသိပေးထုတ်ပြန်လာခြင်းမရှိပေ။
