၂.၆.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ထိုင်ပေ လေတပ်မှ T-34 လေ့ကျင့်ရေးလေယာဉ်တစ်စီးက ယနေ့ ဇွန်လ ၂ ရက် နံနက်တွင် ထိုင်ဝမ်ကျွန်း၊ ကောင်ဆီယွမ်မြို့၌ လေ့ကျင့်ပျံသန်းမှုတစ်ခု ပြုလုပ်နေစဉ်အတွင်း ပျက်ကျခဲ့ရာ လေတပ်မှ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လေတပ်ကွပ်ကဲရေးဌာနချုပ်က လေယာဉ်သည် အင်ဂျင်ချို့ယွင်းမှုဖြစ်စဉ် လုပ်ထုံးလုပ်နည်းများကို တုပလုပ်ဆောင်နေစဉ် ဂန်ရှန် (Gangshan) လေတပ်အခြေစိုက်စခန်း၏ လေယာဉ်ပြေးလမ်း မြောက်ဘက်အဆုံးအနီးတွင် ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။ လေယာဉ်ကို ဒုတိယဗိုလ်မှူးကြီး လူ (Lu) နှင့် ဒုတိယဗိုလ်မှူးကြီး ကူအို (Kuo) တို့က မောင်းနှင်လာခြင်းဖြစ်ပြီး နှစ်ဦးစလုံး လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသည်။
လေတပ်က ပျက်ကျမှု၏အကြောင်းရင်းကို ဆုံးဖြတ်ရန် အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
T-34 အဓိကလေ့ကျင့်ရေးလေယာဉ်သည် ထိုင်ဝမ်လေတပ်တွင် လေယာဉ်မှူးလောင်းများအတွက် လေတပ်၏ ပထမဆုံးလေ့ကျင့်ရေးပလက်ဖောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် စတင်မိတ်ဆက်ချိန်မှစ၍ နှစ်ပေါင်း ၄၀ ကြာ ဝန်ဆောင်မှုပေးခဲ့ကြောင်း Liberty Times သတင်းစာတွင် ဖော်ပြထားသည်။ ထိုင်ဝမ်လေတပ်က T-34 လေယာဉ်ကို ၂၀၃၃ ခုနှစ်အထိ ဝန်ဆောင်မှုပေးရန် စီစဉ်ထားပြီး ၎င်း၏လည်ပတ်မှုသက်တမ်းကုန်ဆုံးချိန် နီးလာချိန်တွင် တဖြည်းဖြည်းအနားပေးမည် ဖြစ်သည်။
T-34 လေယာဉ်နေရာတွင် ပြည်တွင်း၌ ထုတ်လုပ်သည့်လေယာဉ် သို့မဟုတ် ပြည်ပမှ ဝယ်ယူမည့် လေယာဉ်ဖြင့် အစားထိုး မထိုး ဆုံးဖြတ်ချက် မချရသေးပေ။
Ref : Taipei News
