◾ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ဦးစားပေးမူဝါဒများအတွက် အရေးပါကြောင်းပါ ဝန်ကြီးချုပ် မိုဒီ ပြောကြား
သတိုး
၂. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယမန်နေ့က တွေ့ဆုံကာ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သလို Follower သန်း ရာနှင့်ချီရှိသော X (ယခင် Twitter) တွင်လည်း “နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ သမ္မတဖြစ်အပြီး ပထမဆုံးခရီးစဥ်ကို အိန္ဒိယနိုင်ငံသို့လာရောက်ရန် ရွေးချယ်ခဲ့သည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း” ကမ္ဘာသိအောင် ရေးသားဖော်ပြခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်က သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် သမ္မတဖြစ်လာအပြီး ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ လာရောက်ရန် ရွေးချယ်ခဲ့သည့်အတွက် အိန္ဒိယနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်းအပြင် ယင်း ခရီးစဉ်ကို ဗုဒ္ဓမြတ်စွာဘုရား၏ ကောင်းချီးမင်္ဂလာများ ခံယူလျက် ဗုဒ္ဓဂါယာမှ စတင်ခဲ့သည့်အတွက်လည်း အထူးပင် ဝမ်းမြောက်မိကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။
”မြန်မာနိုင်ငံက သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အကျိုးရှိတဲ့ တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူက သမ္မတအနေနဲ့ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်တို့ အိန္ဒိယနိုင်ငံသားတွေအနေနဲ့ ဂုဏ်ယူမိပါတယ်။ ပိုပြီးတော့ ဝမ်းမြောက်စရာကောင်းတာက သူဟာ ဒီခရီးစဉ်ကို မြတ်စွာဘုရားရှင်ရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့အတူ ဗုဒ္ဓဂါယာက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကဏ္ဍစုံကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ ‘အိမ်နီးချင်း ဦးစားပေးမူဝါဒ’၊ ‘အရှေ့မျှော် မူဝါဒ’ နဲ့ ‘အင်ဒို-ပစိဖိတ် မူဝါဒ’တွေအတွက် အရေးပါလှပါတယ်။”ဟု မိုဒီက X တွင် ရေးသားရာ ထိုပို့စ်ကို ကြည့်ရှုသူမှာ နာရီပိုင်းအတွင်း ၁ ဒသမ ၁ သန်းကျော်ရှိခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ခေါင်းဆောင်နှစ်ဦးသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍစုံကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည့်အပြင် နှစ်နိုင်ငံ ဆွေးနွေးပွဲအတွင်း ကုန်သွယ်ရေး၊ မြေရှားသတ္တုဒြပ်စင် (Rare Earths) ကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး ချိတ်ဆက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် ရေကြောင်းလုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေး အပါအဝင် အခြားသော ကဏ္ဍရပ်များတွင်လည်း နှစ်နိုင်ငံနီးကပ်စွာ အတူတကွ လက်တွဲဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေမှာ ကုန်သွယ်ရေး၊ မြေရှားဒြပ်စင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းချိတ်ဆက်ဆောင်ရွက်မှု၊ ယဉ်ကျေးမှုအမွေအနှစ် ပြန်လည်ထိန်းသိမ်းမှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်မှု ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းစေမယ့် နည်းလမ်းတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေးနဲ့ အခြားကဏ္ဍရပ်တွေမှာလည်း နီးနီးကပ်ကပ် အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။”ဟုလည်း မိုဒီက X တွင် ဆက်လက်ရေးသားခဲ့သည်။













