၂.၆.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမြောက်ပိုင်း၌ ဖြစ်ပွားနေသည့် မြစ်ရေညစ်ညမ်းမှုက ဒေသခံများ၏ ကျန်းမာရေးနှင့် ဝင်ငွေအပေါ် ခြိမ်းခြောက်မှုများ ဆက်လက်တည်ရှိနေသောကြောင့် အစိုးရအနေဖြင့် ကွတ်မြစ်ဝှမ်း(Kok River basin) ဒေသရှိ နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှုကို အမျိုးသားအဆင့် အစီအစဉ်တစ်ခုအဖြစ် သဘောထားသင့်ကြောင်း ထိုင်းနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်ရုံး (NHCO) က ပြောကြားခဲ့သည်။
ပုံမှန်ထက်များပြားသောသတ္တုများမှ အဆိပ်သင့်ညစ်ညမ်းမှုသည် နိုင်ငံမြောက်ပိုင်းရှိ လူ့အဖွဲ့အစည်းများအတွက် ရေရှည်ကျန်းမာရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များကို ပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်ကြောင်း NHCO က သတိပေးခဲ့သည်။
NHCO က နိုင်ငံမြောက်ပိုင်းရှိ ကွတ်၊ ဆိုင်၊ ရွတ်ခ်နှင့် မဲခေါင်မြစ်များရှိ ဓာတုဗေဒညစ်ညမ်းမှုကို စစ်ဆေးရန် ချင်းရိုင်ပြည်နယ်ရှိ ချင်းကောင်ခရိုင်သို့ ခရီးစဉ်၌ သတင်းစာဆရာများအား ခေါ်ဆောင်သွားခဲ့သည်။
ခရီးစဉ်က ထိုညစ်ညမ်းမှုသည် ဒေသခံများ၏ ကျန်းမာရေးကို မည်သို့ထိခိုက်စေသည်နှင့် ၎င်း၏ သက်ရောက်မှုများကို လျှော့ချရန် အမျိုးသားကျန်းမာရေးဥပဒေကို အသုံးပြုခြင်းကို အဓိကထားခဲ့သည်။
NHCO သည် ချင်းမိုင်နှင့် ချင်းရိုင်းရှိ ဒေသခံ ၄၂၄ ဦးပါဝင်သည့် အမြန်ကျန်းမာရေး သက်ရောက်မှုအကဲဖြတ်ခြင်းကို အကောင်အထည်ဖော်ရန် ချင်းမိုင်တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေး ဌာနနှင့် ပူးပေါင်းခဲ့သည်။ လေ့လာမှုအရ ထိခိုက်ခံရသူအများစုမှာ တစ်လလျှင် ဘတ် ၅,၀၀၀ အောက်ဝင်ငွေရှိသော ဝင်ငွေနည်းလယ်သမားများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
လယ်သမားများ၏ ၉၁ ရာခိုင်နှုန်းခန့်သည် မြစ်အခြေအနေများတွင် မြင်သာသော ပုံမှန်မဟုတ်မှုများကို သတိပြုမိကြပြီး ၇၀ ရာခိုင်နှုန်းခန့်သည် သောက်ရေဝယ်ယူခြင်းနှင့် မြစ်ရေအတွင်းလှုပ်ရှား ဆောင်ရွက်မှုများကို လုံးဝရှောင်ကြဉ်ခြင်တို့ပြုလုပ်ကာ ၎င်းတို့၏ ရေအသုံးပြုမှုအလေ့အထများကို ပြောင်းလဲခဲ့ကြသည်။
စီးပွားရေးဆိုင်ရာ သက်ရောက်မှုများလည်း ပြင်းထန်ခဲ့သည်။ အိမ်ထောင်စု ၆၃ ရာခိုင်နှုန်းခန့်က ခရီးသွားလုပ်ငန်းကျဆင်းခြင်းနှင့် မြစ်အခြေပြုအလုပ်အကိုင်များအပေါ် သက်ရောက်မှုများကြောင့် လစဉ်ဝင်ငွေဆုံးရှုံးမှု ပျမ်းမျှဘတ် ၁,၂၀၀ မှ ၁,၃၀၀ အထိ ရှိကြောင်း သတင်းပို့ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် မိသားစုများသည် သန့်ရှင်းသောရေရရှိရေးအတွက် တစ်လလျှင် ဘတ် ၂,၆၀၀ ခန့် အပိုကုန်ကျစရိတ်များနှင့် ရင်ဆိုင်ခဲ့ရသည်။
“တွေ့ရှိချက်အပေါ် အခြေခံလို့ အဓိကမူဝါဒအဆိုပြုချက်ခြောက်ခုကို ကျွန်တော်တို့ ရေးဆွဲခဲ့ပါတယ်။ ပထမဦးစွာ အစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှုကို အမျိုးသားအဆင့် အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်စေလိုပါတယ်။ အစိုးရအနေနဲ့ ပြဿနာကို သူ့ရဲ့ရင်းမြစ်မှစလို့ ဖြေရှင်းစေလိုပါတယ်” ဟု NHCO ၏ နိုင်ငံမြောက်ပိုင်းပြည်သူ့မူဝါဒရုံး၏ ညွှန်ကြားရေးမှူး ဆွန်ပိုလ် တူလာတာ Songpol Tulata က ပြောကြားခဲ့သည်။
သတင်းအချို့က ထိုင်းနိုင်ငံမြောက်ပိုင်း၌ မြစ်ရေများညစ်ညမ်းမှုသည် အိမ်နီးချင်း မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည်ဟု ဖော်ပြခဲ့ကြသည်။
Ref- Bangkok Post
