၂.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းပေါင်း ၃၃၀၀ ကျော်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉ သိန်းခွဲခန့်တက်ရောက်လျက်ရှိပြီး စုစုပေါင်း လူဦးရေ ၁၂ သိန်းအထိ တက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၆ – ၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ် ပညာသင်ကြားပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ စုစုပေါင်း ၃၃၂၆ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၉၄၉၄၄၁ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဦးမင်းဦးက “ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ကျောင်းသား၊ ကျောင်းသူ ကျောင်းတက်ရောက်ပညာသင်ကြားမှု ရာခိုင်နှုန်းက ၈၀ ဒသမ ၈၃ ရာခိုင်နှုန်း ရှိပါတယ်။ ကျောင်းအပ်လက်ခံမှုကို ဆက်လက်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပညာသင်ကြားမှု လျာထားချက်ဖြစ်တဲ့ ၁၁ သိန်းကိုကျော်လွန်ပြီး ၁၂ သိန်းအထိ တက်ရောက်မှုရှိမယ်လို့ ခန့်မှန်းထားပါတယ် ”ဟု နိုင်ငံပိုင် သတင်းစာသို့ ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်က ချမှတ်ဆောင်ရွက်သည့် Placement Test အထူးအစီအစဉ်ကိုလည်း ဆောင်ရွက်နေပြီး ယင်းအစီအစဉ်အရ Grade – 1 မှ Grade-9 အထိ ပညာရေးနှင့်ကင်းကွာနေသည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာမြို့နယ်များတွင် ဇွန် ၁၅ ရက်ကစတင်၍ Placement Test ဖြေဆိုပြီး ကျောင်းဆက်တက်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ ၁၀ သိန်းကျော် တက်ရောက်ပညာသင်ကြားမှုရှိခဲ့ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၁ ရက်တွင် ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးလွန်နေသည့် အခြားကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။



