





၁.၆.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းတွင် ယနေ့ ဇွန်လ ၁ ရက်၊ နံနက် ၇ နာရီခွဲခန့်က မော်တော်ယာဥ်တစ်စီး ဓာတ်တိုင်ဝင်တိုက်ကာ ဘတ္ထရီအိုးမှ ယာယီသွယ်တန်းထားသော ဝါယာကြိုးများထိမိရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ Hyundai Starex အမျိုးအစား အဖြူရောင်မော်တော်ယာဥ်မှာ မြောက်ဥက္ကလာပဘက်မှ လမ်းဝဘက်သို့ မောင်းနှင်လာစဥ် လမ်းလယ်ဓာတ်တိုင်အား ဝင်တိုက်မိပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်တော်ယာဥ်မီးလောင်မှုကြောင့် ဘတ္တရီအိုးတစ်လုံး၊လေကာမှန်တစ်ချပ်၊ ဘန်ပါတစ်ခုမီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ယာဥ်မောင်း အမျိုးသားမှာ ညာဘက်ဒူးပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူယာဥ်မောင်း အမျိုးသားကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မော်တော်ယာဥ် မီးလောင်မှုကြောင့် ယာဥ်မောင်းအမျိုးသားကို မရမ်းကုန်းမြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စု ၄၆ မှ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
