နေမိုး
၃၀. ၅. ၂၀၂၆
မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ သင်္ဘောလှကျေးရွာရှိ ဒိုင်းနက် (Chakma) မျိုးနွယ်စုဝင် ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းရန် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA က အတင်းအဓမ္မ ရိုက်နှက်ဖမ်းဆီးမှု ပြန်လွှတ်ပေးရန် ဒိုင်းနက် (Chakma) အဖွဲ့အစည်းများက ပူးပေါင်း တောင်းဆိုထားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂ဝ၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှစ၍ ရခိုင်အကြမ်းဖက် ULA/AA မှ သင်္ဘောလှကျေးရွာ ဒိုင်းနက် (Chakma) ကျေးရွာတွင် စစ်မှုထမ်းရန် စုဆောင်းရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့စဉ်အတွင်း ဒေသခံများနှင့် AA အဖွဲ့ဝင်များ အကြားတင်းမာမှုနှင့် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထိုအခြေအနေသည် နောက်ပိုင်းတွင် သေနတ်ပစ်ဖောက်ခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများအထိပါဝင်သော အကြမ်းဖက်ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ အပါအဝင် ကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒေသတွင်း သတင်းပေးပို့ချက်များအရ ၂ဝ၂၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် သက်ကြီးရွယ်အိုများ၊ အိမ်ထောင်ဦးစီးများနှင့် မိသားစုများကို အဓိက လုပ်ကိုင်ကျွေးမွေးနေသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၀၀) ကျော်ခန့်ကို AA က အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်း ခေါ်ဆောင်သွားခဲ့သည်။
၄င်းဖြစ်စဉ်ကြောင့် သင်္ဘောလှကျေးရွာတွင် အလွန်စိုးရိမ်ဖွယ်ရာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရသူ အများအပြားမှာ မိသားစု၏ အဓိက မှီခိုအားထားရသူများဖြစ်ကြသည်။ ၎င်းတို့ မရှိတော့သည့်အတွက် ကျေးရွာတွင် ကျန်ရစ်ခဲ့သော ကလေးသူငယ်များ၊ နို့စို့အရွယ် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများမှာ လုံလောက်သော ကျမ်းမာရေးစောင့်ရှောက်မှုနှင့် အထောက်အပံ့များ မရရှိတော့ဘဲ လူမှုရေး၊ စိတ်ပိုင်း ဆိုင်ရာနှင့် စီးပွားရေးနှင့် စားဝတ်နေရေးအရ ကြီးမားသော အခက်အခဲများကို လူထုအတွင်း ကြုံတွေ့နေရသည်။
အလားတူ ကျေးရွာအတွင်း သွားလာခွင့်နှင့် ဆက်သွယ်ရေးများကို ကန့်သတ်ထားခြင်းကြောင့် ကျန်ရစ်သူ မိသားစုဝင်များသည် စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားနေ့စဉ်လိုအပ်ချက်များ ရရှိရန် ပိုမိုခက်ခဲလာပြီး ရေရှည် ရှင်သန် ရပ်တည်ရေးနှင့် ကျန်းမာရေးအတွက် အခက်အခဲများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည်။
ထို့အပြင် လူသစ်စုဆောင်းစဉ်အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့် အတင်းအဓမ္မ စေခိုင်းမှုများ ကြောင့် ဒိုင်းနက် (Chakma) လူထုအတွင်း၊ အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အကြား စိုးရိမ်ထိတ်လန့်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။
ဤကဲ့သို့ အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ချက်များကို အခြေခံ၍ ဒိုင်းနက် (Chakma) အဖွဲ့အစည်းများ အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သင်္ဘောလှကျေးရွာမှ ဒိုင်းနက် (Chakma) အရပ်သားပြည်သူအားလုံးကို လူသားချင်းစာနာထောက်ထားမှုဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန်၊ အထူးသဖြင့် စစ်မှုထမ်းရန် အသက်မပြည့်သူများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ နှင့် မိသားစု၏ စားဝတ် နေရေးအတွက် မရှိမဖြစ် လုပ်ကိုင်ကျွေးမွေးနေရသော အိမ်ထောင်ဦးစီးများကို လွှတ်ပေးရန်၊ ဒိုင်းနက် (Chakma) ကျေးရွာအားလုံး၏ ဘေးကင်းလုံခြုံရေးကို အာမခံပေးရန်နှင့် ဖမ်းဆီးခံထားရသူ (၁၀၀) ကျော် ဦးခန့်ကို လူသားဆန်စွာ ဆက်ဆံပေးရန်၊ ထိခိုက်နစ်နာခဲ့သော ဒေသများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ပေးရန်နှင့် ပျက်စီးဆုံးရှုံးသွားသော အရပ်သားပိုင်ပစ္စည်းများအတွက် ထိုက်သင့်သော လျော်ကြေးများ ပေးအပ်ရန်၊ အခက်အခဲကြုံနေရသော မိသားစုများအား ကူညီနိုင်ရန်အတွက် ဒေသခံ လူသားချင်းစာနာမှု အကူအညီ ပေးရေးအဖွဲ့များနှင့် ရပ်ရွာခေါင်းဆောင်များကို ခွင့်ပြုပေးရန်နှင့်အစားအသောက်၊ ဆေးဝါးနှင့် အခြား လူသားချင်းစာနာမှု အကူအညီများကို အဟန့်အတားမရှိ ရရှိစေရေးအတွက် ဆောင်ရွက်ပေးရန်စသည်ဖြင့် ဒိုင်းနက် (Chakma) အဖွဲ့အစည်း ၁၂ ဖွဲ့က AA ထံ တောင်းဆိုထားသည်။




