သတိုး
၃၀. ၅. ၂၀၂၆
အစိုးရယန္တရားကို လက်နက်သဖွယ် အလွဲသုံးစားလုပ်ခြင်းခံရသည့် နစ်နာသူများကို လျော်ကြေးပေးရန်အတွက် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံနီးပါးရှိသော ရန်ပုံငွေတစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် အစိုးရအဖွဲ့အနေဖြင့် ထူထောင်မည့်အစီအစဉ်အား အမေရိကန် တရားသူကြီးတစ်ဦးက သောကြာနေ့ (မေ ၂၉) တွင် ယာယီပိတ်ပင်လိုက်သည်။
ဗာဂျီးနီးယားအရှေ့ပိုင်းခရိုင်တရားရုံးမှ တရားသူကြီး လီယိုနီ ဘရင်ကီမာ (Leonie Brinkema) ၏ အမိန့်အရ တရားရုံးက ထပ်တိုးဥပဒေကြောင်းအရ လျှောက်လဲချက်များကို ကြားနာစစ်ဆေးနေစဉ်အတွင်း ထရမ့်ပ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါရန်ပုံငွေကို တည်ထောင်ခြင်း သို့မဟုတ် လည်ပတ်ခြင်းဆိုင်ရာ “နောက်ထပ် မည်သည့်လုပ်ငန်းစဉ်ကိုမျှ မလုပ်ဆောင်ရန်” တားမြစ်ပိတ်ပင်ထားသည်။ အဆိုပါအမိန့်သည် အနည်းဆုံး ဇွန်လ ၁၂ ရက်နေ့အထိ အတည်ဖြစ်နေမည်ဖြစ်သည်။
တရားရေးဝန်ကြီးဌာန (DOJ) သည် ထရမ့်၏ အခွန်ဆိုင်ရာမှတ်တမ်းများ ပေါက်ကြားမှုနှင့်ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာန (IRS) အပေါ် တရားစွဲဆိုထားမှုကို အခြေခံ၍ ပြီးခဲ့သည့်အပတ်က သဘောတူညီချက်တစ်ခုအနေဖြင့် ဤ “Anti-Weaponization Fund” (အစိုးရယန္တရား လက်နက်သဖွယ် အလွဲသုံးစားလုပ်မှု ဆန့်ကျင်ရေး ရန်ပုံငွေ) ကို ထူထောင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရန်ပုံငွေပမာဏမှာ ဒေါ်လာ ၁ ဒသမ ၇၇၆ ဘီလျံဖြစ်ပြီး အဖွဲ့ဝင် ၅ ဦးပါဝင်သော ကော်မရှင်တစ်ခုက ကြီးကြပ်ကွပ်ကဲမည်ဖြစ်သည်။ ထရမ့်နှင့် ၎င်း၏မဟာမိတ်များက ၎င်းတို့အပေါ် စုံစမ်းစစ်ဆေးမှုများနှင့် ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှုများကို ဖော်ပြရာတွင် အသုံးပြုလေ့ရှိသည့် “Lawfare” (ဥပဒေကို လက်နက်သဖွယ် အသုံးချခြင်း) နှင့် “Weaponization” (အစိုးရယန္တရားကို အလွဲသုံးစားလုပ်ခြင်း) တို့၏ နစ်နာသူများဖြစ်ကြောင်း သက်သေပြနိုင်သူများကို ငွေကြေးထုတ်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သောကြာနေ့က ထွက်ပေါ်လာသော တရားရုံးအမိန့်သည် “ထရမ့်ပ်-ဗန့်စ် (Trump-Vance) အစိုးရအဖွဲ့၏ သဘောတရား ရေးရာ သို့မဟုတ် နိုင်ငံရေးအရ အတိုက်အခံများ” အဖြစ် ပစ်မှတ်ထားခြင်း ခံခဲ့ရပြီး အဆိုပါ ရန်ပုံငွေမှ ထောက်ပံ့ငွေများ ရရှိပိုင်ခွင့် မရှိနိုင်ကြောင်း စွပ်စွဲထားသည့် အဖွဲ့အစည်းတစ်ခုက တရားစွဲဆိုမှုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထရမ့်ပ်ကို ဆန့်ကျင်သည့် အဆိုပါအမှုအား တရားစွဲဆိုခဲ့သော ‘Democracy Forward’ အဖွဲ့၏ အကြီးအကဲဖြစ်သူ စကိုင်း ပယ်ရီမန် (Skye Perryman) က “ဒါဟာ ပွင့်လင်းမြင်သာမှု၊ တရားဥပဒေစိုးမိုးရေးနဲ့ အမေရိကန်ပြည်သူတွေအတွက် အောင်ပွဲတစ်ခုဖြစ်ပါတယ်။ ဘယ်အစိုးရအဖွဲ့မှာမျှ ပြည်သူ့ဘဏ္ဍာငွေကို နိုင်ငံရေးအရ ဆုလာဘ်ပေးတဲ့ အစီအစဉ်တစ်ခုအနေနဲ့ သုံးစွဲခွင့် အခွင့်အာဏာ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ရန်ပုံငွေ၏ “ဥပဒေနှင့်ညီညွတ်မှုအပေါ် အပြည့်အဝ ယုံကြည်မှုရှိကြောင်း” ပြောကြားခဲ့သည်။ ယာယီ တရားသူကြီးချုပ် (Acting Attorney General) ဖြစ်သူ တော့ဒ် ဘလန့်ချ် (Todd Blanche) ကလည်း နစ်နာကြေး ရရှိနိုင်မှုအပေါ် မည်သည့်ပါတီစွဲ လိုအပ်ချက်မျှ မရှိကြောင်း ပြောဆိုထားသည်။
တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “တရားသူကြီးတွေရဲ့ မူဝါဒဆိုင်ရာ ဦးစားပေးမှုတွေကြောင့် ဥပဒေကို လက်နက်သဖွယ် အသုံးချခြင်း ခံရတဲ့သူတွေကို နစ်နာကြေးပေးဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အနှောင့်အယှက် အဖြစ်ခံမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
ဤရန်ပုံငွေသည် ထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီအတွင်းမှ လွှတ်တော်အမတ်အချို့ အပါအဝင် ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန် လွှတ်တော်အဆောက်အအုံကို စီးနင်းတိုက်ခိုက်ခဲ့သူ အချို့ပင်လျှင် အခွန်ထမ်းပြည်သူများ၏ ငွေကြေးဖြင့် လျော်ကြေးရရှိသွားနိုင်သည့်အပေါ် ၎င်းတို့က ဒေါသတကြီး ဖော်ပြခဲ့ကြသည်။ အဆိုပါရန်ပုံငွေကို ထရမ့်၏ နိုင်ငံရေးမဟာမိတ်များကို ဆုလာဘ်ပေးမည့် “ကိုယ်ကျိုးရှာ ရန်ပုံငွေ (Slush Fund)” အဖြစ်လည်း အများက လှောင်ပြောင်ပြစ်တင်ခဲ့ကြသည်။
‘Democracy Forward’ ၏ တရားစွဲဆိုမှုသည် ဤရန်ပုံငွေ ထူထောင်မှုကို ကန့်ကွက်ထားသည့် အနည်းဆုံး အမှုသုံးခုအနက် တစ်ခုဖြစ်သည်။
တရားသူကြီး ဘရင်ကီမာက တရားလိုများ၏ ယာယီတားမြစ်မိန့် (Temporary Restraining Order) လျှောက်ထားချက်ကို တရားရုံးက မဆုံးဖြတ်မီ လက်ရှိအခြေအနေကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ရန်ပုံငွေများ “ပြန်လည်ရယူ၍မရအောင် လွဲမှားစွာ သုံးစွဲပစ်လိုက်ခြင်း” မရှိစေရန် ဤယာယီပိတ်ပင်မိန့်သည် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တရားစွဲဆိုထားသည့် တရားလိုများထဲတွင် ‘Democracy Forward’ အဖွဲ့နှင့်အတူ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် အဓိကရုဏ်း ဖန်တီးသူများကို တရားစွဲဆိုခဲ့ဖူးသည့် တရားရေးဝန်ကြီးဌာန အစိုးရရှေ့နေဟောင်းတစ်ဦးနှင့် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုကို ဆန္ဒပြစဉ် ဖမ်းဆီးခြင်းခံခဲ့ရသည့် ကာလီဖိုးနီးယား ပါမောက္ခတစ်ဦးတို့ ပါဝင်သည်။
အစိုးရရှေ့နေများဘက်က ရန်ပုံငွေထဲသို့ မည်သည့်ငွေမျှ မရွှေ့ပြောင်းရသေးကြောင်း အာမခံခဲ့သော်လည်း ငွေမရွှေ့ပြောင်းမီ ၂၄ နာရီထက် ကြိုတင်အကြောင်းကြားရန် ငြင်းဆန်ခဲ့ပြီးနောက်တွင် တရားသူကြီးက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
တရားစွဲဆိုသူများဘက်ကမူ ဤသို့ အချိန်တိုအတွင်း အကြောင်းကြားခြင်းသည် “လုံးဝ မလုံလောက်ကြောင်း” နှင့် တရားရုံးက ဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ မဆုံးဖြတ်ရသေးမီမှာပင် ရန်ပုံငွေလုပ်ငန်းစဉ်များ စတင်သွားနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။
တရားရေးဝန်ကြီးဌာနသည် ယာယီ တရားသူကြီးချုပ် တော့ဘလန့်ချ်က ခန့်အပ်မည့် အဆိုပါ ကော်မရှင်နာအဖွဲ့ဝင် ၅ ဦး၏ အမည်စာရင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ တရားရေးဝန်ကြီးဌာနက မေလ ၁၈ ရက်နေ့ ကြေညာချက်ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်း ရန်ပုံငွေထဲသို့ ငွေကြေးများ စတင်ထည့်သွင်းရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
Ref : Reuters
