MT News
၃၀. ၅. ၂၀၂၆
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက် နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကို ဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။
နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။
နိုင်ငံတော်သမ္မတဦမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ မေ ၃၀ မှ ဇွန် ၃ ရက်အထိ ငါးရက်ကြာခရီးစဥ် ရောက်ရှိနေခြင်းဖြစ်သည်။
ခရီးစဥ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပခြင်းတို့အပြင် အိန္ဒိယ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။ ထို့အပြင် အထင်ကရ အခြေခံ အဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။








