◾ သမ္ဗာန်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ခရီးသည်များ အသက်ကယ်အင်္ကျီကို ဂရုတစိုက်ပိုမိုဝတ်ဆင်လာ






၃၀.၅.၂၀၂၆
Written by Nay Yaung Lin
လမ်းမတော်မြို့နယ်ရှိ မော်တင်ဆိပ်ကမ်း၊ မှော်စက်သမ္ဗာန်ဂိတ်တွင် မေ ၂၈ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က သမ္ဗာန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သမ္ဗာန်လုပ်သားများထံမှ သိရသည်။
အဆိုပါ သမ္ဗာန်ပေါ်တွင် ခရီးသည် ၁၁ ဦးနှင့် သမ္ဗာန်မောင်းသူတစ်ဦး စုစုပေါင်း ၁၂ ဦး လိုက်ပါခဲ့ပြီး တိမ်းမှောက်မှုကြောင့် ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။
မော်တင်ဆိပ်ကမ်းတွင် နေထိုင်သူတစ်ဦးက ” မနေ့က ည ၇ နာရီထိုးခါနီးအချိန် မိုးကလည်းအုံ့နေတော့ နည်းနည်းမှောင်နေပြီ။ သမ္ဗာန်ပေါ်မှာ ခရီးသည် ၁၁ ယောက်ပါတယ်။ မှော်စက်ဂိတ်ကနေ အထွက်ပဲရှိသေးတယ်။ ဇက်နားရောက်တဲ့အချိန် စက်က ဂီယာထိုးလို့မရတော့ဘူး။ ပြီးတော့ ရေစီးသန်နေတဲ့အချိန်လည်းဖြစ်တော့ လည်ပြီးတော့ ပါသွားတာ။ ဇက်အောက်သွားပြီး မှောက်သွားတယ်။ ကောင်မလေးတစ်ယောက် ရှာမတွေ့သေးဘူး ” ဟု ပြောကြားခဲ့သည်။
ထိုသို့ သဗ္ဗာန်တိမ်းမှောက်မှုသို့ အနီးနားရှိ သမ္ဗာန်မောင်းသူများ၊ အခြားသူများ၊ ဈေးရောင်းသူများ ရန်ကုန်မြစ်ထဲ ဆင်းကယ်ခဲ့ကြပြီး လူမှုကူညီရေးအသင်းအချို့လည်း လာရောက်ကူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရန်ကုန်-ဒလ ခရီးသွားများသည် သမ္ဗာန်စီးနင်းရာတွင် အသက်ကယ်အင်္ကျီ(Life Jacket)များကို ဂရုတစိုက် ပိုမိုဝတ်ဆင်လာပြီး သမ္ဗာန်မောင်းသူများကလည်း ဝတ်ဆင်၍ ဆော်ဩလျက်ရှိသည်။
” ကျွန်တော်တို့က Life Jacket ဝတ်ဖို့ အမြဲပြောပါတယ်။ ဒီနေ့ဆိုရင် ခရီးသည်တွေ အကုန်ဝတ်ပါ။ တစ်ယောက်မဝတ်ဘူးဆိုရင် သမ္ဗာန်မထွက်နဲ့လို့တောင် ပြောရတယ်။ ခရီးသည်ကလည်း အမျိုးမျိုးပါ။ တစ်ချို့က ဝတ်တယ်။ တစ်ချို့ကျတော့ Life Jacket က ညစ်ပတ်တယ်။ သူတို့ရှိုးပဲ့တယ်ပေါ့။ Life Jacket အသစ်ချုပ်တော့လည်း ဓားနဲ့လှီးတယ်။ ဒီလိုမိုးရာသီမှာ ပိုဝတ်သင့်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ယခုအခါ ရန်ကုန်-ဒလ တံတားသစ်ကြီးပြီးစီးပြီးနောက် YBS ယာဉ်များပြေးဆွဲပေးနေသော်လည်း ယာဉ်အစီးရေနည်းပါးမှု၊ လမ်းအခြေအနေကြောင့် ဒလမြို့နယ်ရှိ နေရာအစုံမရောက်ရှိသေးမှုတို့ကြောင့် ခရီးသွားပြည်သူများမှာ သမ္ဗာန်ယာဉ်များကိုသာ အားကိုးနေရဆဲဖြစ်ကြောင်း သိရသည်။
