


၃၀.၅.၂၀၂၆
Written By Thandar
နာမည်ကျော် လူရွှင်တော်အဖွဲ့ သီးလေးသီးထဲက ဟာသသရုပ်ဆောင် လူရွှင်တော်ပန်းသီး@ကိုမျိုးဇော် အသက် ၄၉ နှစ်ဟာ အသည်းကင်ဆာရောဂါနဲ့ မေလ၂၉ ရက် နေ့လယ် ၁ နာရီ ၁၈ မိနစ်က ရန်ကုန်မြို့ ရှိ Grand Hantha ဆေးရုံမှာကွယ်လွန်သွားပြီဖြစ်လို့ လူရွှင်တော်ကြယ်သီးက MT Entertainment ကိုပြောပါတယ်။
“သူ့နေမကောင်းဖြစ်နေတာ တော်တော်ကြာနေပြီ။ ကျွန်တော်က အရင်ရက်တွေကလည်း အလုပ်တွေနားဖို့ပြောနေတာ အသားတွေဝါလာတော့လေ။ ဒီကြားထဲအနုပညာအလုပ်တွေကိုလည်း လုပ်နေသေးတယ်။ သူ့က တော်တော်လေး နေမကောင်းဖြစ်နေတာပေါ့။နောက်ပိုင်း Grand Hantha ဆေးရုံကို တင်လိုက်ရတာပါ။ သူ့ရဲ့ အခြေအနေမဟုတ်ဘူးလို့ သိနေတာကြာပါပြီ။ ကိုယ့်နဲ့အတူ အလုပ်လုပ်တွေ အတူတူလုပ်ခဲ့တဲ့ တစ်ယောက်သွားပြန်ပြီးလို့ပဲပြောချင်ပါတယ်”လို့ သီးလေးသီးအဖွဲ့က လူရွှင်တော်ကြယ်သီးက MT Entertainment ကို ပြောပါတယ်။
လူရွှင်တော် ပန်းသီးဟာ အသည်းရောဂါနဲ့ ယနေ့ မေလ ၂၉ ရက်မှာ ကွယ်လွန်ပြီး သူရဲ့ဈာပနာကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မေ ၃၁ ရက် နေ့လယ်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။
သီးလေးသီးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော် စိန်သီးက“သွားပေဦးတော့ ငါ့ညီရေ ၃ သီးပဲ ကျန်တော့တယ်” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
လူရွှင်တော် ဇာဂနာ ဦးဆောင်ခဲ့တဲ့ သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့က သရော်ပြက်လုံးတွေ လူကြိုက်များတဲ့အဖွဲ့သီးလေးသီးမှာ စိန်သီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးတို့နဲ့ ဖွဲ့စည််းထားတာဖြစ်ပါတယ်။
သူရဲကြီးလေးကောင်လူရွှင်တော်အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ လူရွှင်တော်/သရုပ်ဆောင် ငှက်ပျောကြော်က ပန်းသီးရဲ့ အမည်ရင်း ဦးမျိုးဇော်ကွယ်လွန်ပြီလို့ ငှက်ပျောကြော်က စိတ်မကောင်းခြင်းများစွာနဲ့ ဝမ်းနည်းကြောင်း ရေးသားထားပါတယ်။
