

၃၀.၅.၂၀၂၆
Translated by Htwe Ko Tun
လက်တင်အမေရိကရှိ တပ်ဖွဲ့များကို ကြီးကြပ်သော အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးသည် ဂွမ်တာနာမိုပင်လယ်အော်ရှိ အမေရိကန်ရေတပ်စခန်း၏ ပတ်လည်တွင် ကျူးဘား အကြီးတန်း စစ်ဘက်အရာရှိများနှင့် မေလ ၂၉ ရက်က ရှားရှားပါးပါး တွေ့ဆုံခဲ့ကြောင်း အမေရိကန်နှင့် ကျူးဘားစစ်တပ်များက ပြောကြားခဲ့သည်။
အမေရိကန်ဗိုလ်ချုပ်ကြီး ဖရန်စစ် ဒိုနိုဗန်သည် ကျူးဘားဗိုလ်ချုပ်ကြီး ရောဘတ်တို လီဂရာ ဆိုတိုလွန်ဂိုနှင့် စစ်ဆင်ရေးလုံခြုံရေးကိစ္စရပ်များအပေါ် အတိုချုံးဖလှယ်ဆွေးနွေးရန် တွေ့ဆုံခဲ့ကြောင်း အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။
X တွင် ဖော်ပြထားသော အခြားပို့စ်တစ်ခုအရ ဒိုနိုဗန်သည် အမေရိကန်စစ်ဘက်အဆောက်အအုံ၏ ပတ်လည်လုံခြုံရေးအကဲဖြတ်မှုကိုလည်း ဦးဆောင်ဆွေးနွေးခဲ့ပြီး တပ်ဖွဲ့ဝင်များလုံခြုံဘေးကင်းရေးနှင့် စစ်ဆင်ရေးအသင့်ဖြစ်မှုတို့ကို ဆွေးနွေးခဲ့သည်။
ကျူးဘားစစ်ဘက်က အစည်းအဝေးဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး နှစ်ဖက်စလုံးက ဆက်သွယ်မှုဆက်လက်ထားရှိရန် သဘောတူခဲ့ကြောင်း Facebook ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။
“နှစ်ဖက်စလုံးက စစ်ဘက်နယ်မြေကို ပိုင်းခြားထားသော ပတ်လည်နေရာတစ်ဝိုက် လုံခြုံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းခဲ့သည့် အစည်းအဝေးကို အပြုသဘောဆောင်စွာ အကဲဖြတ်ခဲ့ကြပြီး စစ်ဘက်ဆိုင်ရာဌာနချုပ်နှစ်ခုကြား ဆက်သွယ်မှုထိန်းသိမ်းထားရန် သဘောတူခဲ့သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မကြာသေးမီက အမေရိကန်က ကျူးဘားကိုတိုက်ခိုက်မှုတစ်ခု ပြုခဲ့လျှင် ကျူးဘားဘက်ကလည်း အမေရိကန်၏ အဆိုပါအခြေစိုက်စခန်းကို ဒရုန်းတိုက်ခိုက်မှုများပြုလုပ်ရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
ဒိုနိုဗန်၏ခရီးစဉ်က အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ကျူးဘားခေါင်းဆောင်များအပေါ် ဖိအားများတိုးမြှင့်လာချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဇန်နဝါရီလတွင် အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားခေါင်းဆောင် နီကိုလပ်စ် မာဒူရိုကို နိုင်ငံအတွင်း ဝင်ရောက်ဖမ်းဆီးပြီးနောက် ကျူးဘားသည် နောက်ထပ်ပစ်မှတ် ဖြစ်သည်ဟု ထရမ့်ပ်က သတိပေးခဲ့သည်။
မကြာသေးမီလများအတွင်း ထရမ့်ပ်အစိုးရက ကျူးဘားနိုင်ငံအပေါ် ရေနံပိတ်ဆို့မှုကို ချမှတ်ခဲ့ပြီး ကာရစ်ဘီယံပင်လယ်တွင် စစ်သင်္ဘောများ တပ်စွဲထားကာ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရိုကိုတရားစွဲဆိုခဲ့သည်။
ထရမ့်ပ်က အာဏာမှဖယ်ရှားလိုသော ကျူးဘား၏ ဆိုရှယ်လစ်ခေါင်းဆောင်များနှင့် ဆယ်စုနှစ်များစွာ ပဋိပက္ခများရှိနေသော်လည်း အမေရိကန်က ဂွာတာနာမိုပင်လယ်အော်တွင် စစ်အခြေစိုက်စခန်းတစ်ခုကို အခြေချထိန်းသိမ်းထားသည်။
၎င်းအခြေစိုက်စခန်းက ကျူးဘားနိုင်ငံ၏ အရှေ့တောင်ဘက်ကမ်းရိုးတန်းတွင် အမေရိကန်ပြည် ထောင်စု၊ မိုင်ယာမီမြို့၏ အရှေ့တောင်ဘက် မိုင် ၄၃၀ (ကီလိုမီတာ ၇၀၀) အကွာတွင် တည်ရှိသည်။ ၎င်းအခြေစိုက်စခန်းက ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်မှုများအပြီးတွင် ဖမ်းဆီးထားသော အကြမ်းဖက်မှု သံသယရှိသူများအပေါ် အလွဲသုံးစားနှိပ်စက်မှုများ ပြုလုပ်ရာနေရာအဖြစ် နာမည်ဆိုးဖြင့် ကျော် ကြားသည်။
Ref- DW News
