သတိုး
၂၇. ၅. ၂၀၂၆
လပေါင်းများစွာ ကြိုတင်ဝယ်ယူထားသည့် လက်မှတ်များကို ကိုင်ဆောင်ထားရင်း၊ သီချင်းတိုင်း၏ စာသားများကို အလွတ်ရသည်အထိ လေ့ကျင့်ကာ ဖျော်ဖြေပွဲကျင်းပမည့်ရက်ကို လက်ချိုးရေတွက် စောင့်ဆိုင်းနေခဲ့ကြသည့် ထိုင်းပရိသတ်များသည် တစ်မနက်ခင်း နိုးထလာချိန်တွင် ဂီတနှင့် လုံးဝမသက်ဆိုင်ဘဲ ဖျော်ဖြေပွဲ မဖြစ်မြောက်တော့ကြောင်း အကြောင်းပြချက်များ ပြည့်နှက်နေသည့် သတင်းဆိုးကိုသာ ရင်ဆိုင်လိုက်ရသည်။ ၎င်းသည် ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်က ထိုင်းနိုင်ငံရှိ တေလာဆွစ်ဖ် ပရိသတ်များ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်မှန်ဖြစ်ပြီး ၁၂ နှစ်တိုင်တိုင် ကြာမြင့်သွားသည့်တိုင်အောင် အဆိုပါ ပရိသတ်များသည် တေလာဆွစ်ဖ်၏ ဖျော်ဖြေပွဲကို ယနေ့အထိ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။
အဆိုပါ “The Red Tour” ဖျော်ဖြေပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ ၉ ရက်တွင် ဘန်ကောက်မြို့၌ ကျင်းပရန် လျာထားခဲ့ခြင်း ဖြစ်သည်။ ယင်းသည် တေလာဆွစ်ဖ်၏ ထိုင်းနိုင်ငံ၌ ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည့် ပွဲလည်း ဖြစ်သည်။ ဘတ် ၂,၀၀၀ မှ ၆,၅၀၀ အထိ ဈေးနှုန်းသတ်မှတ်ထားသည့် လက်မှတ်အားလုံးမှာ ကြိုတင်ရောင်းကုန်ခဲ့ပြီး ဖျော်ဖြေမည့်နေရာကိုလည်း အဆင်သင့် စီစဉ်ထားရှိခဲ့ကာ မျှော်လင့်ချက်များ မြင့်တက်နေခဲ့သည်။
သို့သော်လည်း မေလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်က အာဏာသိမ်းယူခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ညမထွက်ရအမိန့် (Curfew) ထုတ်ပြန်ခဲ့ပြီး လူ ၅ ဦးထက်ပို၍ စုဝေးခြင်းကို ပိတ်ပင်ခဲ့သည်။ ကမ္ဘာ့အကျော်ကြားဆုံး ပေါ့ပ်စတားတစ်ဦးကို လက်ခံကြိုဆိုရန် ပြင်ဆင်နေသည့် နိုင်ငံသည် ရုတ်တရက်ဆိုသလို စစ်အုပ်ချုပ်ရေး (Martial law) အောက်သို့ ကျရောက်သွားခဲ့သည်။
ဖျော်ဖြေပွဲ စီစဉ်သူ BEC-Tero ကုမ္ပဏီသည် ၅ ရက်အကြာတွင် ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး၊ ထိုသို့ဖျက်သိမ်းရခြင်းမှာ “ထိုင်းနိုင်ငံအတွင်း လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့်” ဟု သံတမန်ဆန်ဆန် သုံးနှုန်းဖော်ပြခဲ့သည်။ တေလာဆွစ်ဖ်ကလည်း မေလ ၂၇ ရက်တွင် “ထိုင်းနိုင်ငံက ပရိသတ်တွေဆီ ကျွန်မရဲ့ ချစ်ခြင်းမေတ္တာတွေ ပေးပို့လိုက်ပါတယ်။ ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရတဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ထိုဖြစ်စဉ်နောက်ပိုင်းတွင် တေလာဆွစ်ဖ်သည် အာရှဒေသတွင်း ဖျော်ဖြေရေးခရီးစဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ထိုင်းနိုင်ငံသည် သူမ၏ အစီအစဉ်တွင် မပါဝင်တော့ပေ။ အဆိုပါဖြစ်စဉ်တွင် ပိုမိုစိတ်ပျက်စရာကောင်းသည်မှာ နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် ပုံစံမျိုး ဖြစ်သည်။ တေလာဆွစ်ဖ်သည် ယင်းနောက်ပိုင်းတွင် အာရှ၌ ဖျော်ဖြေပွဲများစွာ ပြုလုပ်ခဲ့သော်လည်း ထိုင်းနိုင်ငံကိုမူ အကြိမ်တိုင်းတွင် တိတ်တဆိတ် ချန်လှပ်ထားခဲ့သည်။ သူမ၏ အကြီးမားဆုံး ဖျော်ဖြေရေးခရီးစဉ်ဖြစ်သည့် “The Eras Tour” ကို ၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သော်လည်း ဘန်ကောက်မြို့သို့ လာရောက်ခဲ့ခြင်း မရှိပေ။

◾️ နိုင်ငံရေး ကိစ္စရပ်တစ်ခု ဖြစ်လာခြင်း
ယခုကဲ့သို့ ချန်လှပ်ခံရမှုသည် သိသာထင်ရှားလွန်းသဖြင့် နိုင်ငံရေးကိစ္စရပ်တစ်ခုအဖြစ်သို့ ကူးပြောင်းလာခဲ့သည်။ “The Eras Tour” ကျင်းပနေစဉ်အတွင်း ထိုစဉ်က ရှေ့သို့လှမ်းချီပါတီ (Move Forward Party) ၏ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) က ၂၀၁၄ ခုနှစ် ပွဲဖျက်သိမ်းခဲ့ရမှုကို တိုက်ရိုက်ရည်ညွှန်းလျက် ထိုင်းနိုင်ငံကို ၎င်း၏ ဖျော်ဖြေရေးခရီးစဉ်တွင် ထည့်သွင်းပေးပါရန် တေလာဆွစ်ဖ်ထံ လူသိရှင်ကြား ဖိတ်ခေါ်ခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်ဟောင်း ဆရတ်သာ သာဗီဆင် (Srettha Thavisin) ကလည်း တေလာဆွစ်ဖ်အနေဖြင့် ထိုင်းနိုင်ငံကို အဘယ်ကြောင့် ကျော်ဖြတ်သွားခဲ့သည်ကို အခုမှ သဘောပေါက်တော့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ပေါ့ပ်စတားတစ်ဦး၏ ဖျော်ဖြေရေးခရီးစဉ်လမ်းကြောင်းသည် နိုင်ငံရေးသမားများအတွက် ဆွေးနွေးစရာ အချက်အချာဖြစ်လာသည့်အခါ အဆိုပါဒဏ်ရာမှာ ယနေ့ထက်တိုင် မကျက်သေးကြောင်း သိသာထင်ရှားလှသည်။
ဤဖြစ်ရပ်တစ်ခုလုံးတွင် တိတ်တဆိတ် ရယ်စရာကောင်းသောအချက် တစ်ချက်ရှိနေသည်။ အာဏာသိမ်းမှုကြောင့် ဖျော်ဖြေပွဲ ပျက်ပြယ်ခဲ့ရသော်လည်း ယခုအခါ အဆိုပါ အာဏာသိမ်းမှုမှာ ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်ပြီး အနုပညာရှင်မှာလည်း ယခင်ကထက် ပိုမိုအောင်မြင်ကျော်ကြားလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်က ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး ယခုအခါ အသက် ၂၀ ကျော် နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည့် ထိုင်းပရိသတ်များမှာမူ ယနေ့ထက်တိုင် ပြင်ပကနေသာ ငေးမောကြည့်ရှုနေရဆဲ ဖြစ်သည်။
◾️ စံချိန်တင်အောင်မြင်မှုဖြင့် ပြီးဆုံးခဲ့သည့် “The Red Tour”
ဘန်ကောက်ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရခြင်းသည် တေလာဆွစ်ဖ်၏ အောင်မြင်မှုကို အဟန့်အတားမဖြစ်စေခဲ့ဘဲ “The Red Tour” အား ၁၅ လကြာအတွင်း ဖျော်ဖြေပွဲပေါင်း ၈၆ ပွဲဖြင့် ၂၀၁၄ ခုနှစ် ဇွန်လတွင် စင်ကာပူနိုင်ငံ၌ အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။ ၎င်းခရီးစဉ်မှ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရရှိခဲ့ပြီး Country အနုပညာရှင်တစ်ဦး၏ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး ဖျော်ဖြေရေးခရီးစဉ်အဖြစ် စံချိန်တင်ခဲ့သည်။
အဆိုပါစံချိန်သည် ယခင်က တင်မ် မက်ဂရော (Tim McGraw) နှင့် ဖေစ် ဟေးလ် (Faith Hill) တို့၏ Soul2Soul Tour က ထိန်းသိမ်းထားသည့် စံချိန်ဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲကို ကမ္ဘာ့တိုက်ကြီး ၄ တိုက်ရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လူဦးရေ ၁ ဒသမ ၇ သန်းကျော် လာရောက်ကြည့်ရှုခဲ့ကြသည်။

◾️ ဒေါ်လာ သန်း ၁၅၀ မှ ဒေါ်လာ ၂ ဘီလျံကျော်အထိ – ထိုင်းပရိသတ်များ လက်လွှတ်ခဲ့ရသည့် အတိုင်းအဆ
တေလာဆွတ်ဖ်၏ “The Red Tour” မှ ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၁၄၆ သန်း (ဝင်ငွေအသားတင်) ဆိုသည်မှာ သမိုင်းဝင်စံချိန်များကို အသစ်ပြန်လည်ရေးသားမည့် အစပျိုးမှုမျှသာ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် “The 1989 World Tour” သည် ဒေါ်လာ သန်း ၂၅၀ ရရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် “The Reputation Stadium Tour” သည် ဒေါ်လာ ၃၄၅ သန်းအထိ ရရှိခဲ့ကာ ထိုစဉ်က မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံး ဖျော်ဖြေရေးခရီးစဉ်အဖြစ် စံချိန်တင်ခဲ့သည်။
၎င်းနောက်တွင် “The Eras Tour” ပေါ်ပေါက်လာခဲ့သည်။ ၂၁ လကြာ သက်တမ်းအတွင်း ဖျော်ဖြေပွဲပေါင်း ၁၄၉ ပွဲဖြင့် ကျင်းပခဲ့သည့် “The Eras Tour” ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဗန်ကူးဗားမြို့၌ ရုပ်သိမ်းခဲ့ပြီး၊ စုစုပေါင်း တရားဝင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂,၀၇၇,၆၁၈,၇၂၅ (ဒေါ်လာ ၂ ဘီလျံကျော်) ရရှိခဲ့ကာ ကြည့်ရှုသူပရိသတ် ၁၀ သန်းကျော် ရှိခဲ့သည်။ ဤပမာဏသည် သမိုင်းတစ်လျှောက် မည်သည့်ဖျော်ဖြေရေးခရီးစဉ်၏ စံချိန်ထက်မဆို နှစ်ဆနီးပါး မြင့်မားနေခြင်း ဖြစ်သည်။ ဒုတိယဝင်ငွေအကောင်းဆုံးအဖြစ် ကပ်လျက်လိုက်နေသည့် Coldplay အဖွဲ့၏ “Music of the Spheres Tour” သည် နှစ်နှစ်ခွဲကြာမှ ဒေါ်လာ ၁ ဘီလျံကို ကျော်လွန်နိုင်ခဲ့သော်လည်း တေလာဆွစ်ဖ်ကမူ ယင်းထက်တိုတောင်းသော အချိန်အတွင်း နှစ်ဆမျှ ရရှိခဲ့ခြင်းဖြစ်သည်။
လက်မှတ်ရောင်းရငွေများအပြင် အမှတ်တရပစ္စည်းများ (Merchandise) ရောင်းချမှုတစ်ခုတည်းမှပင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထပ်မံရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် “The Eras Tour” ရုပ်ရှင်သည်လည်း ကမ္ဘာလုံးဆိုင်ရာ ရုပ်ရှင်ရုံဝင်ငွေ ဒေါ်လာ ၂၆၁ သန်း ရရှိခဲ့ပြီး ယခင်က ဂျက်စတင် ဘီဘာ (Justin Bieber) ၏ “Never Say Never” တင်ထားသည့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

◾️ လက်ရှိ အခြေအနေ
၂၀၂၅ ခုနှစ်နောက်ပိုင်းတွင် တေလာဆွစ်ဖ်၏ ကျော်ကြားမှုသည် အခြားအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမသည် ပေါ့ပ်စတားတစ်ဦးဆိုသည့် အဆင့်ထက် ကျော်လွန်သွားခဲ့ပြီး ၎င်းကိုယ်တိုင်က စီးပွားရေးဆိုင်ရာမောင်းနှင်အားတစ်ခုကို ဖန်တီးနိုင်သည့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
“The Eras Tour” ကို လက်ခံကျင်းပခဲ့သည့် မြို့များတွင် ခရီးသွားလုပ်ငန်း ဝင်ငွေများ လပေါင်းများစွာ သိသိသာသာ မြင့်တက်ခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။ တိုရွန်တိုမြို့တစ်ခုတည်းတွင်ပင် ၎င်း၏ ၆ ပွဲမြောက် ဖျော်ဖြေပွဲကြောင့် မြို့အတွက် အမေရိကန်ဒေါ်လာ ၁၉၉ သန်းတန်ဖိုးရှိ စီးပွားရေးလှုပ်ရှားမှုများ ထပ်မံတိုးပွားလာခဲ့ကြောင်း ခန့်မှန်းခဲ့ကြသည်။ နိုင်ငံအသီးသီးမှ ဝန်ကြီးချုပ်များက ၎င်းထံ လူမှုကွန်ရက်မှတစ်ဆင့် ဖိတ်ခေါ်ခဲ့ကြပြီး စီးပွားရေးပညာရှင်များကလည်း ၎င်းအား စျေးကွက်ညွှန်းကိန်းတစ်ခုကဲ့သို့ စောင့်ကြည့်လေ့လာခဲ့ကြသည်။
“The Eras Tour” မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း အဆိုပါ ဖျော်ဖြေပွဲတွင် ထိုင်းနိုင်ငံ ချန်လှပ်ခံခဲ့ရသည့်အပေါ် ပရိသတ်များ၏ ဆွေးနွေးငြင်းခုံမှုများကမူ ပျောက်ပျက်သွားခြင်း မရှိသေးပေ။

လွန်ခဲ့သည့် ၁၂ နှစ်က အာဏာသိမ်းမှုတစ်ခုသည် ထိုင်းပရိသတ်များထံမှ ဖျော်ဖြေပွဲတစ်ခုကို လုယူသွားခဲ့သည်။ ၁၂ နှစ်အကြာတွင်မူ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းရှိ လူသားများ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဖျော်ဖြေပွဲကြီးသို့ တက်ရောက်နေကြသည်ကို ငေးကြည့်နေခဲ့ရသည်။ စင်ကာပူနိုင်ငံသည် ၂ ကြိမ်တိုင်တိုင် ဖိတ်ခေါ်ခြင်း ခံခဲ့ရသော်လည်း ဘန်ကောက်မြို့မှာမူ အာဏာသိမ်းစအချိန်က စာတစ်စောင် (Tweet) သာ ရရှိခဲ့သည်။
စောင့်ဆိုင်းမှုကတော့ ဆက်ရှိနေဦးမည် ဖြစ်သည်။ ယခုအချိန်တွင် ယင်းသည် လွဲချော်ခဲ့ရသည့် ဖျော်ဖြေပွဲတစ်ခုတည်းအတွက် မဟုတ်တော့ဘဲ၊ နိုင်ငံတစ်ခု၏ နိုင်ငံရေးမတည်ငြိမ်မှုများသည် ဆယ်စုနှစ်တစ်ခုကျော်ကြာသည်အထိ ဖျော်ဖြေပွဲအစီအစဉ်များ၏ ဘာသာစကားဖြင့် မည်ကဲ့သို့ ရိုက်ခတ်မှုရှိနေစေသနည်းဆိုသည်ကို တိတ်တဆိတ် သက်သေပြနေခြင်းသာ ဖြစ်သည်။
Ref: Thaiger
