သက်တံ့
၂၇. ၅. ၂၀၂၆
အမေရိကန်၏ ပိတ်ဆို့မှုဖိအားများကြောင့် ဆမ်ဆောင်း အီလက်ထရောနစ် (Samsung Electronics) ကုမ္ပဏီသည် ၎င်းတို့၏ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို တရုတ်နိုင်ငံမှ ခွဲထွက်၍ ကွဲပြားစုံလင်အောင် လုပ်ဆောင်သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်နိုင်ငံတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) စမ်းသပ်စစ်ဆေးရေး စက်ရုံသစ်တစ်ခုကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံ တည်ဆောက်သွားမည် ဖြစ်သည်။
ယခုလှုပ်ရှားမှုသည် ဉာဏ်ရည်တု (AI) နည်းပညာကြောင့် မန်မိုရီချစ်ပ် (Memory chip) ဝယ်လိုအား မြင့်တက်လာချိန်နှင့် တောင်ကိုရီးယားနိုင်ငံရှိ မိခင်ကုမ္ပဏီ၌ အလုပ်သမားသမဂ္ဂနှင့် အမြတ်ဝေစုဆိုင်ရာ အပိုဆုကြေး သဘောတူညီချက်ရရှိပြီးနောက် အလုပ်သမားရေးရာ တင်းမာမှုများ မြင့်တက်နေချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။
သတင်းထုတ်ပြန်ချက်အရ အဆိုပါဗီယက်နမ်စက်ရုံကို ဟနွိုင်းမြို့မြောက်ဘက် ၆၀ ကီလိုမီတာခန့်အကွာရှိ ထိုင်ငုယင် (Thai Nguyen) ပြည်နယ်တွင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် နိုဝင်ဘာလတွင် စတင်လည်ပတ်နိုင်ရန် မျှော်မှန်းထားသည်။
ယင်းသည် ဗီယက်နမ်နိုင်ငံ၌ ဆမ်ဆောင်း၏ ပထမဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်း စမ်းသပ်စစ်ဆေးရေးစက်ရုံဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံရေး တင်းမာမှုများနှင့် AI ကြောင့် ဝယ်လိုအားရုတ်တရက် မြင့်တက်လာမှုများအကြား တရုတ်နိုင်ငံအပေါ် မှီခိုနေရသည့် ထောက်ပံ့ရေးကွင်းဆက်ကို ခွဲထုတ်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သည်။
◾️ AI အရှိန်အဟုန်ကြောင့် ချစ်ပ်လုပ်ငန်း တိုးချဲ့ခြင်း
ဉာဏ်ရည်တု (AI) အခြေခံအဆောက်အအုံများကြောင့် မန်မိုရီချစ်ပ် ဝယ်လိုအား ကမ္ဘာ့တစ်ဝန်း မြင့်တက်နေချိန်တွင် ယခု ရင်းနှီးမြှုပ်နှံမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။ AI ဒေတာစင်တာများ လျင်မြန်စွာ တိုးချဲ့လာခြင်းကြောင့် ဆာဗာများ၊ စမတ်ဖုန်းများ၊ လက်ပ်တော့များနှင့် မော်တော်ယာဉ်စနစ်များတွင် အသုံးပြုသည့် DRAM နှင့် NAND မန်မိုရီချစ်ပ် ဝယ်လိုအား သိသိသာသာ မြင့်တက်လာခဲ့သည်။ ချစ်ပ်ထုတ်လုပ်သူများက အဆင့်မြင့် AI မန်မိုရီထုတ်ကုန်များကို ဦးစားပေးလာကြသဖြင့် ယခင်သုံး Legacy ချစ်ပ်များ ထောက်ပံ့မှုမှာ ကမ္ဘာ့တစ်ဝန်း ပြတ်လတ်လာခဲ့သည်။
ဗီယက်နမ်စက်ရုံသည် နောက်ဆုံးပေါ် ချစ်ပ်များကို ထုတ်လုပ်မည်မဟုတ်ဘဲ အဆင့်သင့် ဖွံ့ဖြိုးပြီး မန်မိုရီချစ်ပ်များကို စမ်းသပ်စစ်ဆေးခြင်းအပေါ် အဓိကထား လုပ်ဆောင်မည်ဖြစ်သည်။ စမ်းသပ်စစ်ဆေးခြင်း (Testing) ဆိုသည်မှာ ချစ်ပ်ထုတ်လုပ်မှု၏ နောက်ဆုံးအဆင့်ဖြစ်ပြီး ကုန်ပစ္စည်းမပို့ဆောင်မီ ချစ်ပ်များတွင် ချို့ယွင်းချက် ရှိ၊ မရှိ စစ်ဆေးရသည့် အဆင့်ဖြစ်သည်။ အဆိုပါစက်ရုံသည် တစ်နှစ်လျှင် DRAM မန်မိုရီချစ်ပ် ဂီဂါဘစ် ၁၅၃ ဘီလျံကျော်နှင့် NAND မန်မိုရီချစ်ပ် ဂီဂါဘစ် ၂၅၅ ဘီလျံကျော်ကို စစ်ဆေးဆောင်ရွက်နိုင်မည့် ပမာဏရှိကြောင်း အဆိုပြုချက်တွင် ဖော်ပြထားသည်။
◾️ တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍတွင် ဗီယက်နမ်၏ အခန်းကဏ္ဍ မြင့်တက်လာခြင်း
ဗီယက်နမ်နိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက်၏ နောက်ဆုံးအဆင့် လုပ်ငန်းစဉ်များဖြစ်သော တပ်ဆင်ခြင်း၊ ထုပ်ပိုးခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများတွင် အဓိကဗဟိုချက်အဖြစ် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ လက်ရှိတွင် ဗီယက်နမ်၌ Intel၊ Amkor Technology နှင့် Hana Micron အပါအဝင် ကမ္ဘာလုံးဆိုင်ရာချစ်ပ်ကုမ္ပဏီများ၏ စက်ရုံများ တည်ရှိနေပြီးဖြစ်သည်။
ဆမ်ဆောင်းသည် ဗီယက်နမ်တွင် အကြီးဆုံးသော ပြည်ပရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ဆယ်စုနှစ်များစွာအတွင်း အီလက်ထရောနစ် ထုတ်လုပ်မှုလုပ်ငန်းများ၌ ဒေါ်လာ ၂၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားသည်။ စက်ရုံအသစ်ကို ၎င်းတို့၏ အကြီးစား စမတ်ဖုန်းနှင့် တက်ဘလက် ထုတ်လုပ်မှုဇုန်၏ ဘေးတွင် တည်ဆောက်မည်ဖြစ်သဖြင့် ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။
စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်အချို့ လိုအပ်နေသေးသော်လည်း လက်ရှိတွင် ဆမ်ဆောင်းအင်ဂျင်နီယာ ၂၀၀ ကျော်သည် အဆိုပါနေရာ၌ လုပ်ငန်းစတင်နေပြီဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
◾️ တောင်ကိုရီးယားမှ အလုပ်သမား တင်းမာမှုများက လွှမ်းမိုးနေခြင်း
ဆမ်ဆောင်းသည် ပြည်ပတွင် လုပ်ငန်းတိုးချဲ့နေသော်လည်း ပြည်တွင်း၌မူ အလုပ်သမားဆက်ဆံရေး အလှည့်အပြောင်းကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ကုမ္ပဏီသည် မန်မိုရီချစ်ပ်လုပ်သားများ ပါဝင်သည့် အလုပ်သမားသမဂ္ဂနှင့် အစိုးရက ကြားဝင်စေ့စပ်ပေးသော သဘောတူညီချက်တစ်ရပ်ကို မကြာသေးမီက ရရှိခဲ့သဖြင့် ဝန်ထမ်းသောင်းချီ ပါဝင်မည့် အကြီးစားသပိတ်မှောက်မှုကို ရှောင်လွှဲနိုင်ခဲ့သည်။
အဆိုပါ သဘောတူညီချက်အရ ဆမ်ဆောင်းသည် တစ်ပိုင်းလျှောက်ကူးပစ္စည်းကဏ္ဍမှ ရရှိသော လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းကို ချစ်ပ်လုပ်သားများအတွက် အထူးအပိုဆုကြေး (Bonus) အဖြစ် ခွဲဝေပေးရမည် ဖြစ်သည်။ ယင်းသည် လုပ်ငန်းလည်ပတ်မှုအမြတ်ငွေနှင့် လုပ်အားခကို တိုက်ရိုက်ချိတ်ဆက်ပေးသည့် တောင်ကိုရီးယား၏ ပထမဆုံးသော တရားဝင်သဘောတူညီချက် ဖြစ်လာသည်။
အချို့သောဖြစ်စဉ်များတွင် မန်မိုရီချစ်ပ်လုပ်သားများသည် စုစုပေါင်းအပိုဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၄၁၆,၀၀၀ အထိ ရရှိနိုင်ကြောင်း သတင်းများက ဆိုသည်။ ထို့ပြင် ယခင်က လုပ်ဆောင်ချက်အခြေပြု အပိုဆုကြေးကို ဝန်ထမ်းလစာ၏ ၅၀ ရာခိုင်နှုန်းထက်မကျော်ရဟု ကန့်သတ်ထားမှုကို ပယ်ဖျက်ခဲ့ပြီး ယခုဝင်ငွေခွဲဝေမှုစနစ်ကို ၁၀ နှစ်သက်တမ်းအထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။
◾️ ဆမ်ဆောင်း၏ မဟာဗျူဟာမြောက် ထိန်းညှိမှု
ယခုနောက်ခံအခြေအနေများအရ ဆမ်ဆောင်း၏ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုသည် မဟာဗျူဟာနှစ်ရပ်ကို ဟန်ချက်ညီညီ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းမှာ ကမ္ဘာ့တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက်တွင် ၎င်းတို့၏ ရပ်တည်ချက်ကို ခိုင်မာအောင်လုပ်ဆောင်ရင်း ပြည်တွင်းရှိ အလုပ်သမားများ၏ မြင့်တက်လာသော မျှော်မှန်းချက်များကို ထိန်းညှိနေခြင်း ဖြစ်သည်။
ကုမ္ပဏီသည် တောင်ကိုရီးယားရှိ ကုန်ပစ္စည်းထောက်ပံ့သူများနှင့် လူရည်ချွန်မြှင့်တင်ရေး အစီအစဉ်များကို ပံ့ပိုးရန်အတွက် ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိ ရန်ပုံငွေတစ်ရပ်ကိုလည်း ပြင်ဆင်နေပြီး၊ ယင်းမှာ သမဂ္ဂသဘောတူညီချက်အပြီးတွင် ဖြစ်ပေါ်လာသည့် ဖိအားများကို လျှော့ချရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။
AI ဝယ်လိုအားကြောင့် လုပ်ငန်းဦးစားပေးမှုများ ကမောက်ကမဖြစ်နေချိန်တွင် ယခုဗီယက်နမ်စက်ရုံသည် ကမ္ဘာ့မန်မိုရီချစ်ပ် ထောက်ပံ့ရေးကွင်းဆက်ကို တည်ငြိမ်စေရန် သော့ချက်ကျသည့် အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။ ထို့ပြင် ဆမ်ဆောင်းသည် ရရှိလာသောအမြတ်ငွေများကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံအထိ တန်ဖိုးရှိမည့် ဒုတိယမြောက်စက်ရုံတစ်ခုတွင် ထပ်မံရင်းနှီးမြှုပ်နှံနိုင်ခြေရှိကြောင်း အဆိုပြုချက်များက ဖော်ပြနေသဖြင့် ဗီယက်နမ်နိုင်ငံကို ၎င်းတို့၏ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွန်ရက်တွင် အရေးပါသော အချက်အချာအဖြစ် ရေရှည်ယုံကြည်ထားကြောင်း ပြသနေသည်။
Ref: Firstpost
