MT News
၂၆. ၅. ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ပြနှင့် ကျေးလက်ဒေသအားလုံး လူတိုင်း လက်လှမ်းမီ သုံးစွဲနိုင်သည့် ဈေးနှုန်းချိုသာသော အင်တာနက်ချိတ်ဆက်မှု ရရှိအောင် Horizon Telecom International ကုမ္ပဏီက ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Horizon Telecom International ကုမ္ပဏီ လီမိတက်တို့အကြား ချုပ်ဆိုသော ဧရာဝတီဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ (AFCI-Port Sharing)အား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T)စနစ်ဖြင့် ဆောင်ရွက်မည့် သဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားမှ သိရသည်။
Horizon Telecom International Co., Ltd အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မြို့ပြနှင့် ကျေးလက်ဒေသအားလုံး လူတိုင်း လက်လှမ်းမီ သုံးစွဲနိုင်သည့် ဈေးနှုန်းချိုသာသော အင်တာနက်ချိတ်ဆက်မှု ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ တည်ဆောက်ခြင်းနှင့်ဝန်ဆောင်မှုပေးခြင်းများကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရေးဆိုင်ရာ Right Of Way စီမံခန့်ခွဲခြင်းများကို Horizon Telecom International Co., Ltd မှ စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ သတ်သတ်မှတ်မှတ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။
ထို့အပြင် ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတို့ကို ထိရောက်လျင်မြန်စေရန်၊ 5G စနစ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင်သင့် ဖြစ်စေရန်၊ ဖိုက်ဘာကေဘယ်လ်လမ်းကြောင်းတလျှောက် တိုင်များ၊ ကြိုးများရှုပ်ထွေးစွာ သွယ်တန်းတပ်ဆင်ထားခြင်းများကို မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်သောသန့်ရှင်းသပ်ရပ်သည့် Smart City များဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း Horizon Telecom International Co., Ltd၏ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို စာချုပ်ပါအချက်များနှင့်အညီ စဉ်ဆက်မပြတ် ကြီးကြပ်ပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားသည်။
