သက်တံ့
၂၆. ၅. ၂၀၂၆
အင်ဂိုလာနိုင်ငံ အနောက်မြောက်ပိုင်း ဘင်ဂို (Bengo) ခရိုင်ရှိ တရားမဝင် ရွှေတူးဖော်ရေး လုပ်ကွက်တစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် အဆိုပါနိုင်ငံအတွင်း တရားမဝင် သတ္တုတူးဖော်မှုသမိုင်းတစ်လျှောက် အသေအပျောက် အများဆုံး မတော်တဆမှုများထဲမှ တစ်ခုလည်း ဖြစ်သည်။
အဆိုပါ မြေပြိုမှုဖြစ်ပွားရာနေရာမှ လူ ၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုံးဝပြီးစီးသွားပြီဖြစ်ကြောင်း ခရိုင်ပြည်သူ့ကာကွယ်ရေးနှင့် မီးသတ်ဦးစီးဌာနက တနင်္ဂနွေနေ့ (မေ ၂၄ ရက်) တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။
စနေနေ့ (မေလ ၂၃ ရက်) က ဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူများသည် အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများ ဖြစ်ကြကြောင်း အာဏာပိုင်များက ပြောသည်။
အင်ဂိုလာနိုင်ငံရှိ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းများသည် သမိုင်းကြောင်းအရ စိန်ထုတ်လုပ်ရေးကဏ္ဍနှင့်သာ ဆက်နွှယ်မှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံ၏ သတ္တုတူးဖော်ရေးကဏ္ဍကို ဘက်စုံတိုးချဲ့လုပ်ကိုင်ရန် ကြိုးပမ်းလာမှုများကြောင့် ရွှေကဲ့သို့သော အခြားသတ္တုများကို တစ်ပိုင်တစ်နိုင် တရားမဝင် တူးဖော်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
ကမ္ဘာပေါ်တွင် စိန်အဓိကထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သော အင်ဂိုလာနိုင်ငံသည် ကမ္ဘာ့ဈေးကွက်အတွင်း စိန်ဈေးနှုန်းများ ကျဆင်းလာခြင်းနှင့် ဓာတ်ခွဲခန်းထုတ် စိန်အတု (Synthetic diamonds) များ ပိုမိုခေတ်စားလာခြင်းတို့ကြောင့် စိန်လုပ်ငန်းအပြင် ကြေးနီနှင့် ရွှေကဲ့သို့သော အခြားသတ္တုတူးဖော်ရေးကဏ္ဍများဘက်သို့ စီးပွားရေးပြောင်းလဲလုပ်ကိုင်ရန် ခြေလှမ်းပြင်လျက်ရှိကြောင်း သိရသည်။
Ref : Reuters
