၂၆.၅.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းပေါင်း ၂၇၁၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတည်ရှိပြီး မေ ၂၅ ရက်ကစတင်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ ၁၁၇၃၃၄၇ ဦး ပညာသင်ကြားခဲ့ပြီး ယခုနှစ်ကျောင်းအပ်နှံချိန်မှစတင်၍ ယမန်နှစ်ကထက် ကျောင်းတက်ဦးရေ တိုးတက်အပ်နှံနိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုသီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။။
ထို့ပြင် ကျောင်းပြင်ပရောက်ကလေးများ(မူလတန်းနှင့်အထက်တန်းအဆင့်)ကိုလည်း ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် Placement Test (အထူးအစီအစဉ်)ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံးအနေဖြင့် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်းမပြုရန်၊ ငွေကြေး/ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်နှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် သိရှိလိုက်နာရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့်လည်း မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်နှင့် ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။
ထို့ပြင် အခြေခံပညာကျောင်းများတွင် နိုင်ငံတော်၏ အခမဲ့ထောက်ပံ့မှုများအနေဖြင့် သူငယ်တန်း (KG) မှ ပဉ္စမတန်း (Grade 5) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံတစ်စုံထောက်ပံ့မည်ဖြစ်ပြီး ဆဋ္ဌမတန်း (Grade 6) မှ ဒွါဒသမတန်း (Grade 12) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။



