
သက်တံ့
၂၃. ၅. ၂၀၂၆
အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်တွင် သူပုန်အဖွဲ့များ ဝှက်ထားသည့် လက်နက်ခဲယမ်းများနှင့် လက်လုပ်ဗုံးများကို အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ဒေသခံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်ဟု Ruangmei Today သတင်းဌာနက ယနေ့ ဖော်ပြသည်။
အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) သည် ဗုံးရှင်းလင်းရေး (BD) အဖွဲ့၊ ပေါက်ကွဲစေတတ်သောပစ္စည်း ရှာဖွေရေး (ED) စစ်ခွေးအဖွဲ့ နှင့် မိုရေး (Moreh) ရဲတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မဏိပူရ်ပြည်နယ်၊ တန်းနူးပယ်လ် (Tengnoupal) ခရိုင်၊ တီဘောင်မောလ် (T. Bongmol) ကျေးရွာအနီးရှိ နယ်စပ်မှတ်တိုင် (BP) ၇၂–၇၃ တွင် အောင်မြင်သော ပူးပေါင်းရှာဖွေရေး စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်ဆင်ရေးအတွင်း စစ်ကြောင်းသည် ရိုင်ဖယ် (SLR) တစ်လက်၊ ကျည်အိမ်အပါအဝင် ၉ မမ ပစ္စတိုတစ်လက်၊ ဝေါ်ကီတော်ကီ (Radio set) လေးလုံး၊ အားသွင်းကြိုးတစ်လုံးနှင့် အဝေးထိန်းမိုင်း/လက်လုပ်ဗုံး (IEDs) လေးလုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသော လက်လုပ်ဗုံးများကို တွေ့ရှိသည့်နေရာ၌ပင် ဘေးကင်းစွာ ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သဖြင့် ဒေသခံပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဖြစ်လာနိုင်မည့် ကြီးမားသော အန္တရာယ်တစ်ခုကို တားဆီးနိုင်ခဲ့သည်။
ယခုစစ်ဆင်ရေးသည် ထိုဒေသတွင် လှုပ်ရှားနေသော သူပုန်အဖွဲ့များအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် အာသံရိုင်ဖယ်တပ်ဖွဲ့၏ မယိမ်းမယိုင်သော ကတိကဝတ်ကို ထင်ဟပ်ပေါ်လွင်စေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခု စစ်ဆင်ရေးဖြစ်ပွားခဲ့သည့် တီဘောင်မောလ်ကျေးရွာနှင့် နယ်စပ်မှတ်တိုင် (BP) ၇၂-၇၃ ဝန်းကျင်သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် နယ်စပ်ခြံစည်းရိုးနှင့် ကပ်လျက်တည်ရှိပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများနှင့် မှောင်ခိုကူးသန်းမှုများ ပြုလုပ်ရန် လွယ်ကူသော မဟာဗျူဟာမြောက် နယ်စပ်စင်္ကြံတစ်ခု ဖြစ်သည်။
အဆိုပါ မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက်တွင် အိန္ဒိယအစိုးရကို လက်နက်ကိုင်တော်လှန်နေသည့် ကပ္ပလန်အုပ်စု (NSCN-K)၊ ကန်ဂလိုင်ပတ် ကွန်မြူနစ်ပါတီ (KCP)၊ ကန်ဂလိုင်ယာဝေါလ် ကန်ဘာလွန်း (KYKL)၊ ကူကီးအမျိုးသားတပ်မတော် (KNA) စသည့် ကူကီး၊ နာဂ၊ ကသည်းနှင့် ကပ္ပလန် လက်နက်ကိုင်အဖွဲ့များ အဓိကခြေကုပ်ယူ လှုပ်ရှားကျက်စားကြသည်။ ၎င်းအဖွဲ့များသည် နယ်စပ်ဒေသ၏ မြေမျက်နှာသွင်ပြင် ရှုပ်ထွေးမှုကို အခွင့်ကောင်းယူကာ စစ်ဆင်ရေးများရှောင်တိမ်းရန် မြန်မာနိုင်ငံဘက်ခြမ်းသို့ ဖြတ်ကျော်ဝင်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ယူပို့ဆောင်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။
Ref: Ruangmei Today
