



၂၃.၅.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သော ယာဥ်တိုက်မှုနှင့်ပတ်သက်၍ ယာဥ်မဆင်မခြင်မောင်းနှင်ခဲ့သော လူနာတင်ယာဥ်မောင်း အမျိုးသားကို ကျောင်းကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဥ်မှာ မေလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအနီး၊ ပုသိမ်-မုံရွာ-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ် ၈၂/၅ နှင့် ၈၂/၆ ကြားတွင် ပုသိမ်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော သစ္စာရှင်လူမှုကူညီရေးအသင်းယာဉ်က တစ်ဖက်ယာဥ်ကြောသို့ရောက်ရှိပြီး အိုးဝေသုံးဘီးယာဥ်နှင့် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်အပါအဝင် ခရီးသည် ၃၂ဦးလိုက်ပါလာသော HYUNDAI အမျိုးအစား (အဖြူရောင်) “နဝရတ် ခရီးသည်တင်ယာဉ်”တို့ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် လူနာတင်ယာဥ်မောင်း အသက် ၃၄ နှစ်အရွယ် စောကလေးထူးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး အိုးဝေယာဥ်မောင်းသူအသက် ၃၉ နှစ် အရွယ် ဦးအောင်စိုးမိုးမှာ ဆေးရုံတွင် သေဆုံးခဲ့ရသည်။ ထို့အပြင် လူနာတင်ယာဥ်ပေါ်မှ အမျိုးသား၂ ဦး၊ အိုးဝေယာဥ်ပေါ်မှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ခရီးသည်တင်ယာဥ်ပေါ်မှ ယာဥ်နောက်လိုက် အမျိုးသားတစ်ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လူနာတင်ယာဥ်က လမ်းကျော်ပြီး အိုးဝေနဲ့ ခရီးသည်တင်ယာဥ်ကိုဝင်တိုက်တာ။ ဒဏ်ရာရလူနာတွေလည်း မစိုးရိမ်ရပါဘူး။ ခရီးသည်တင်ယာဥ်ပေါ်က ယာဥ်နောက်လိုက်ပဲ ဒဏ်ရာရတယ်။ ခရီးသည်တွေ ဘာမှမဖြစ်ဘူး”ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်၁စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
သေဆုံးသူနှင့်ဒဏ်ရာရရှိသူများကို ကျောင်းကုန်းလူငယ်များ လူမှုကူညီမှုအသင်းနှင့် သစ္စာရှင်လူမှုကူညီမှုအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် ကျောင်းကုန်း မြို့နယ်ပြည်သူ့ဆေးရုံနှင့် ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
