နေမိုး
၂၄. ၅. ၂၀၂၆
တပ်မတော်ထံအလင်းဝင်သွားသော မန္တလေး PDF များတွင် အမြင့်ဆုံးအဆင့်များအဖြစ် ဒု-နည်းဗျူဟာမှူးတစ်ဦးနှင့် တပ်ရင်းမှူးလေးဦးတို့ပါဝင်သည်ဟု NUG ကို ဩဇာခံပြီး TNLA ကို သစ္စာခံသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး PDF အဖွဲ့က ဝန်ခံချက်ထုတ်ပြန်လာသည်။
၁၀၂၇ စစ်ရေးလှုပ်ရှားမှုများတွင် TNLA နှင့် တွဲဖက်၍ မန္တလေးတိုင်းအတွင်း အဓိကကျက်စားခဲ့သော မန္တလေး PDF အနေဖြင့် တပ်မတော် ထိုးစစ်ပြန်လည်စတင်ချိန်မှ သိမ်းယူထားသောမြို့များစွာ ပြန်လည်လက်လွှတ်ရပြီး အသေအပျောက်များစွာဖြင့် ထွက်ပြေးရချိန် တပ်မတော်ကို ကြောက်ရွံသော PDF များစွာက အလင်းဝင်လာခဲ့ရာ ယခုနှစ် မတ်လ ၁၉ ရက်၊ ဧပြီ ၂၄ ရက်နှင့် မေလအတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုတည်းပင် PDF ၁၅၀၀ ခန့် အလင်းဝင်ခဲ့သည်။

ထိုသို့ PDF များစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စံချိန်တင် အလင်းဝင်စဥ်က PDF များအလင်းမဝင်ဟု ငြင်းဆိုခဲ့ကြသော်လည်း ယခုအချိန်မှသာ မန္တလေး PDF အဖွဲ့က တပ်မတော်ထံ အလင်းဝင်သူများတွင် လက်အောက်ခံ PDF ရဲဘော်များအပြင် ဒု-နည်းဗျူဟာမှူးတစ်ဦးနှင့် တပ်ရင်းမှူးလေးဦးတို့ပါ အလင်းဝင်သွားသူများက တပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းများ၊ ဘဏ္ဍာငွေများပါ ယူဆောင်သွားကြသည်ဟု မန္တလေး PDF ၏ ဝန်ခံချက်တွင် ဖော်ပြထားသည်။
ထိုသို့ အလင်းဝင်သွားသူများကို မျက်ကွယ်တွင် ပြစ်ဒဏ်ချမှတ်မှုကို ဧပြီလ ၁၆ ရက်တွင်ပြုလုပ်သည့် စစ်ဦးစီးအဖွဲ့၏ ၃/၂၀၂၆ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟုလည်း ယမန်နေ့ မေလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
