



၂၃.၅.၂၀၂၆
Written by Nay Yaung Lin
မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက် ဝံဿရက္ခိတလမ်းရှိ နှစ် ၇၀ နေထိုင်ခဲ့သော နေအိမ် ၁၀ လုံးကို ကျူးကျော်ဟုဆိုကာ ယနေ့ မေ ၂၃ ရက် နံနက် ၉ နာရီက ဖြိုဖျက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင်သူများထံမှ သိရသည်။
မရမ်းကုန်းမြို့နယ်၊ စည်ပင်သာယာရေးကော်မတီက အဆိုပါအိမ်များဖယ်ရှားရန် အသိပေးအကြောင်းကြားစာ ပို့ရာတွင် မြေ(လမ်းမြေ)ပေါ်တွင် ကျူးကျော်ဆောက်လုပ်ထား၍ ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသော်လည်း နေအိမ်ဖြိုဖျက်ခံရသူများက ဆဋ္ဌသင်္ဂါယနာတင်စဉ်က ဆင်ဖုံရွာမှ အယောက် ၅၀ လုပ်အားပေးဆောင်ရွက်ခဲ့ရာမှ မြေနေရာရရှိသဖြင့် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ခန့်ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ဝံဿရက္ခိတလမ်းရှိ နေအိမ်ဖြိုဖျက်ခံရသူတစ်ဦးက “ကမ္ဘာအေးလှိုဏ်ဂူ အနှစ် ၇၀ ပြည့်မှာ သွားကြည့်လိုက်ရင် လုပ်အားပေးအဖွဲ့ဆိုတာပါတယ်။ အဲဒီမှာ ဆင်ဖုံရွာဆိုတာ အောက်ဆုံးစာတန်းပဲ။ အယောက် ၅၀ လုပ်အားပေးခဲ့တယ်။ ကျွန်တော်တို့က ဆင်ဖုံ၊ ဘားလားဆိုတာ ဘိုးဘေးဘီဘင်နေခဲ့တာ။ အဘိုးအဘွားတွေက လုပ်အားပေးပြီးတော့ ဦးနုက နေရာချပေးခဲ့တာ။ အရင်တုန်းက ဒီနေရာက ကြခတ်တောကြီး ဒါကို ရှင်းပြီးတော့မှ တစ်ခြမ်းကို အိမ်ဆောက်၊ တစ်ခြမ်းကို လမ်းဖောက်ပြီးနေခဲ့ကြတာပါ “ ဟု ပြောကြားခဲ့သည်။
မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီက အသိပေးအကြောင်းကြားသည့်စာတွင် အမှတ် ၈ ရပ်ကွက်၊ ဝံဿရက္ခိတလမ်းရှိ ကော်မတီပိုင်နှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ(လမ်းမြေ) ပေါ်တွင် ( ၁၆’ x ၃၅/ )အတိုင်း အတာရှိ (၂)ထပ်၊ အုပ်ညှပ်အဆောက်အဦးအား ကျုးကျော်ဆောက်လုပ်ထားကြောင်း စိစစ်တွေ့ရှိရသဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေ(၂၀၁၈)ခုနှစ် ပုဒ်မ ၅၀၊ ပုဒ်မ ၅၁နှင့်အညီ ဖယ်ရှားရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၉ ရက်စွဲပါ စာတွင် ဖော်ပြထားပြီး ဧပြီ ၇ ရက်၊ ရက်ပေါင်း (၃၀) အတွင်း မိမိအစီအစဉ်ဖြင့် ဖယ်ရှားရှင်းလင်းရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက ပုဒ်မ (၅၁) အရ အင်အား စုဖွဲ့ ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။





ထိုသို့ နေအိမ်များ ဖယ်ရှားရှင်းလင်းရမည်ဆိုသောကြောင့် နိုင်ငံတော်သမ္မတရုံးသို့ ဧပြီ ၂၅ ပါ ရက်စွဲဖြင့် အသနားခံစာလျှောက်ထားခဲ့ပြီး ဆဋ္ဌသင်္ဂါယနာတင်ရန် မဟာပါသာဏလှိုဏ်ဂူတော် တည်ဆောက်ခဲ့စဉ်က လုပ်အားပေးကုသိုလ်ရှင်တို့အား ဆုတော်အဖြစ် နိုင်ငံတော်အကြီးအကဲမှ ချီးမြှင့်ပေးခဲ့သော မြေနေရာအား ကိုယ်ထူကိုယ်ထရှင်းလင်း၍ အိုးအိမ်ဆောက်လုပ်ပြီး မြို့ပြအင်္ဂါရပ်စည်းကမ်းနှင့်အညီ အခွန်အခပေးဆောင်၍ သားစဉ်မြေးဆက်နေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း (၇၀)ကြာရှိချိန်တွင် အာဏာရှိလူပုဂ္ဂိုလ်တချို့၏ ကိုယ်ကျိုးစီးပွားအတွက် ကျူးကျော်မြေအဖြစ်သတ်မှတ်၍ ဖျက်သိမ်းရန်လုပ်ဆောင်နေခြင်းအား စိစစ်ကြပ်မတ်ပေးပါရန်နှင့် နိုင်ငံတော်မှသတ်မှတ်သော အခွန်အခပေးဆောင်၍ ဆက်လက် နေထိုင်အသုံးပြုခွင့်ပေးနိုင်ပါရန်တို့ကို ရေးသား အသနားခံလျှောက်ထားခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတရုံးထံ ပေးပို့သည့် ယင်းအသနားခံစာတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် နေအိမ်(၁၀)လုံးရှိ မိသားစုဝင်များအား မရမ်းကုန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေါ်ယူနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အကြောင်း ကြားလာသဖြင့် သွားရောက်တွေ့ဆုံရာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ်(၉၈၀)တွင် နေထိုင်သူများဖြစ်သော ဦးလွင်ကိုဦး (လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မှူး)၏ တိုင်ကြားစာအရ ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း ပြောပြသိရှိရကြောင်း ဖော်ပြရေးသားထားသည်။
“ဆယ်အိမ်တန်း(ဝံဿရက္ခိတ)မှာ နေတာ ဘယ်လောက်ကြာပြီလဲဆိုရင် ဒီမှာ ပထမဆုံးမွေးတဲ့ ကလေးတောင် ၆၅ နှစ်ရှိပြီ။ ကျွန်တော်တို့ဆီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်လက်ထပ်မှာ ကျွန်တော်တို့နေတာ အနှစ် ၇၀/၈၀ ရှိပြီဆိုတာ ရပ်ကွက်အနေနဲ့ ထောက်ခံချက်ပေးထားတယ်။ အဲဒီမိတ္တူတွေဟာလည်း သက်ဆိုင်ရာကို တင်ပြတဲ့အခါမှာ အမြဲတမ်းပါတယ်။ ၂၀၁၈ တုန်းက အင်းစိန်က ခရိုင်ရုံးမှာ နှစ်ဖက်ခေါ်စစ်ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ကို အနိုင်ပေးပြီးသား။ နေပြည်တော်က ဆင်းလာတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ပြီးတော့ ကျွန်တော်တို့ကို အနိုင်ပေးတယ်။ နှစ် ၆၀ လောက်ရှိပြီဖြစ်တဲ့အတွက် ဂရန်လျှောက်ပါလို့ နှုတ်မိန့်နဲ့ပေးခဲ့တယ် “ ဟု နေအိမ်ဖြိုဖျက် ခံရသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဝံဿရက္ခိတလမ်းရှိ နေအိမ် ၁၀ လုံး ဖြိုဖျက်ခံရခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဦးက ဖြစ်စဉ်အကြောင်းအရာနှင့် အကြောင်းကြားစာများ၊ နိုင်ငံတော်သမ္မတရုံးသို့ အသနားခံစာပေးပို့သည့် လျှောက်ထားစာများကို အများပြည်သူများ သိရှိနိုင်ရန် သူ၏ ဖေ့ဘုတ်အကောင့်တွင် ရေးသားဖော်ပြထားသည်။







ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဦးက “ တကယ်ဖြစ်သင့်တာကတော့ သူတို့နဲ့ ညှိနှိုင်းပြီးတော့ နေစရာ၊ ထိုင်စရာတွေကို စဉ်းစားပေးပြီးတော့။ အိမ်က ၁၀ အိမ်ပဲ ရှိတာပါ။ မြေကွက် ၁၀ ကွက် ချထားပေးပေါ့ဗျာ။ အိမ်က ဖျက်ပြီးရင် သူ့ဟာသူ ပြောင်းရွှေ့ပေါ့။ နှစ်ဖက် ညှိနှိုင်းလိုက်ရင် အဆင်ပြေတယ်လေ။ အဲဒီလိုတွေ မလုပ်တဲ့အခါကြတော့ စိတ်ခံစားမှုတွေများလာတယ်။ အစိုးရလည်းပဲ ပြယုဂ်မကောင်းဘူး။ Image က မကောင်းဘူးပေါ့နော်။ အဲဒီလိုတော့ မဖြစ်စေချင်ဘူးပေါ့ဗျာ။ အစိုးရရဲ့ ပုံရိပ်မကျစေချင်ဘူး။ ဒီဖက်က ပြည်သူတွေလည်း ချောင်ချောင်ရှုရှုနဲ့ အဆင်ပြေတဲ့ လမ်းကြောင်းလေးပေါ့။ ညှိနှိုင်းပေါင်းစပ်တာဟာ ဖြစ်စေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါဖြစ်ရပ်ကို မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်သို့ ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှိ ကတိကဝတ်များ၊ အာမခံချက်များ၊ တာဝန်ခံချက်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးကော်မတီနှင့် သက်ဆိုင်သည့် ကော်မတီများသို့ တင်ပြသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က တကယ်တော့ ရန်မလိုချင်ဘူး။ ကျွန်တော်တို့မြေကိုပဲ ပြန်လိုချင်တယ်။ ဒီမြေပြန်ရမယ်ဆိုရင် ကျွန်တော်တို့ကျေနပ်တယ်။ ကျွန်တော်တို့ ဒီနေရာမှာပဲ နေမယ်။ မြေကွက်ပြန်ပေး။ ထိုက်သင့်အားလျှော်စွာ ပြန်လျော်ပေးရင် ကျေနပ်နိုင်တယ်။ အခုလိုမျိုး အိမ်အဖျက်ခံရတာ အတိုင်းမသိ ရင်ထဲမှာ ဗလောင်ဆူနေအောင် ခံစားရတယ်။ ကျွန်တော်တို့ ကမ္ဘာပျက်တယ်ဆိုတာ ဒါကိုခေါ်တာပဲ။ လူကြီးတွေက ဒီကိစ္စကို သိချင်မှလည်း သိလိမ့်မယ်။ ပြန်လည် စိစစ်ပေးစေချင်တယ်။ ပြန်ပြီးတော့ မှန်မှန်ကန်ကန်စိစစ်လို့ ကျွန်တော်တို့ မှားတယ်ဆိုရင် ဝန်ခံမယ်။ အဝေး ပြေးပေးမယ်။ သူတို့မှားရင် အရေးယူပေးပါဗျာ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အထက်လူကြီးတွေက သိချင်မှ သိလိမ့်မယ်လို့ ယူဆတယ်” ဟု ဆယ်အိမ်တန်းဟု အများခေါ်ကြသည့် ဝံဿရက္ခိတလမ်းတွင် နေထိုင်သည့် အသက် ၆၅ အရွယ်ခန့် သက်ကြီးရွယ်အိုတစ်ဦးက ပြောကြားခဲ့သည်။
၎င်းအနေဖြင့် အဆိုပါ ဆယ်အိမ်တန်းတွင် မွေးစဉ်ကထဲက နေထိုင်ခဲ့ပြီး ဘူဒိုဇာဖြင့် နှစ်ထပ်နေအိမ် ဖြိုဖျက်ခံရသဖြင့် လက်တလောနေထိုင်ရန် နေရာစီစဉ်ထားခြင်းမရှိသဖြင့် ဆွေမျိုးများ အိမ်တွင် ခတ္တနေထိုင်နေရကြောင်း သိရသည်။
ပုံစာ။ အိမ်ဖြိုဖျက်မည်ဖြစ်ကြောင်း အသိပေးစာ၊ အသနားခံစာနှင့် ယနေ့ဖြိုဖျက်မှု မြင်ကွင်း (Photo – U Than Oo)
