သက်တံ့
၂၃. ၅. ၂၀၂၆
ယခုလဆန်းပိုင်း မေလ ၃ ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီးနောက် ပျောက်ဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသား ၄ ဦးကို သောကြာနေ့ (မေ ၂၂ ရက်) တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားရှိကြောင်း ထိုင်းအာဏာပိုင်များက တရုတ်ဘက်သို့ အကြောင်းကြားလာသည်ဟု ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက ယနေ့ စနေနေ့ (မေ ၂၃ ရက်) တွင် ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် Globa; Times က သတင်းဖော်ပြသည်။
ယခုကဲ့သို့ ရှာဖွေတွေ့ရှိမှုကြောင့် စိတ်ပူပန်မှုလျော့ကျသွားရပြီဖြစ်ကြောင်း သံရုံးက ပြောကြားခဲ့သလို ထိုင်းအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ တရားဝင် WeChat အကောင့်မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
ချိုင်းနားနယူးစ်ဆားဗစ် (China News Service) ၏ ဖော်ပြချက်အရ အဆိုပါဖြစ်စဉ်သည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မော် (Miao) ဟု အမည်ရသည့် အမျိုးသမီးတစ်ဦးက ပျောက်ဆုံးနေသည့် သူမ၏ခင်ပွန်းအတွက် အကူအညီတောင်းခံသည့် ဗီဒီယိုတစ်ခုကို မေ ၁၆ ရက်တွင် အွန်လိုင်း၌ တင်ခဲ့ရာမှတစ်ဆင့် လူထုကြား ပထမဆုံး စတင်အာရုံစိုက်လာခဲ့ခြင်းဖြစ်သည်။ ထိုဗီဒီယိုထဲတွင် သူမ၏ခင်ပွန်းဖြစ်သူ မစ္စတာကျန်း (Zhang) နှင့် အခြား ၃ ဦးတို့သည် ပရောဂျက်တစ်ခုကို သွားရောက်လေ့လာရန် မေ ၃ ရက်က ထိုင်းနိုင်ငံသို့ ခရီးထွက်ခွာသွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မော်၏ခင်ပွန်းနှင့် အခြားခရီးသွား ၃ ဦးတို့သည် မူလခရီးစဉ်အတိုင်း မေ ၃ ရက်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ကြသော်လည်း အဆိုပါနေ့ ညနေပိုင်းတွင် မျှော်လင့်မထားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ပြည်ပရှိ ၎င်းတို့နှင့် ချိတ်ဆက်ထားသူများက ခရီးစဉ်ဇယားကို ရုတ်တရက်ပြောင်းလဲခဲ့ပြီး နောက်တစ်နေ့တွင် သွားရောက်ရန် စီစဉ်ထားသည့် လန်ပန်း (Lampang) ပြည်နယ်ခရီးစဉ်ကို ဖျက်သိမ်းကာ ညတွင်းချင်း ကားမောင်းထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း China News Service က ဖော်ပြသည်။
မေ ၄ ရက် နံနက် ၇ နာရီခန့်တွင် မော်၏ခင်ပွန်းသည် သူမထံသို့ တည်နေရာ (Location pin) တစ်ခု ပေးပို့ခဲ့သော်လည်း ယင်းတည်နေရာမှာ သွားရောက်ရန် စီစဉ်ထားသည့် ဦးတည်ရာနှင့် ကိုက်ညီမှုမရှိသဖြင့် သူမက သံသယဝင်ခဲ့သည်။ ထိုအချိန်ခန့်မှာပင် အဖွဲ့ဝင်နောက်တစ်ဦးဖြစ်သူ မစ္စတာချန် (Chang) ကလည်း ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်မှလွဲ၍ အခြားအဆောက်အအုံ သို့မဟုတ် လူသူတစ်ဦးတစ်ယောက်မျှ မရှိသည့် ဝေးလံခေါင်ဖျားပြီး လူသူကင်းမဲ့သော ဒေသတစ်ခုတွင် ရိုက်ကူးထားသည့် ၅ စက္ကန့်စာ ဗီဒီယိုဖိုင်တိုတစ်ခုကို ၎င်း၏ချစ်သူမိန်းကလေးထံ ပေးပို့ခဲ့သည်။ ထို့နောက် မကြာမီမှာပင် မော်၏ခင်ပွန်းဖြစ်သူ၏ ဖုန်းမှာ ပိတ်သွားခဲ့ပြီး ကျန်ရှိသည့် အဖွဲ့ဝင်များနှင့်လည်း ဆက်သွယ်၍မရတော့ကြောင်း မီဒီယာများက ဖော်ပြသည်။
ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားမှုကို ကြုံတွေ့ရပြီးနောက် မော်သည် မေ ၄ ရက် ညနေပိုင်းတွင် ယူနန်ပြည်နယ် ကူမင်းမြို့ ပြည်သူ့လုံခြုံရေးဗျူရိုသို့ သွားရောက်တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့က အဆိုပါအမှုကို ချက်ချင်းလက်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို လျင်မြန်စွာ စတင်လုပ်ဆောင်ခဲ့ကြောင်း China News Service က ဆိုသည်။
အဆိုပါ လူ ၄ ဦးမှာ မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်ဟု သံသယရှိခဲ့ကြသည်။ မေ ၁၇ ရက်တွင် မြန်မာနိုင်ငံရှိ တရုတ်သံရုံးမှ ဝန်ထမ်းများက မော်ထံသို့ ဆက်သွယ်ခဲ့ပြီး အခြေအနေထူးခြားမှု တစ်စုံတစ်ရာရှိပါက မိသားစုဝင်များထံ ချက်ချင်းအကြောင်းကြားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
Ref: Global Times
