သက်တံ့
၂၃. ၅. ၂၀၂၆
မဲခေါင်ဒေသခွဲ (Greater Mekong Subregion) နိုင်ငံများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ သက်ဆိုင်သူများသည် လူထုအကျိုးပြု ခရီးသွားလုပ်ငန်းအဖြစ် ရည်ရွယ်ချက်ရှိရှိ ခရီးသွားလာခြင်းဟုဆိုသည့် “Tourism for People, Travel with Purpose” အဓိကဦးတည်ချက်ဖြင့် ကျင်းပမည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် (Mekong Tourism Forum – MTF) ၂၀၂၆ သို့ တက်ရောက်ရန် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့တွင် စုံညီစွာ တက်ရောက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးတို့ ပူးပေါင်း၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ယခုဖိုရမ်တွင် ခရီးသွားများ၏ ပြောင်းလဲလာသော မျှော်လင့်ချက်များကို တုံ့ပြန်ဆောင်ရွက်ရင်း၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံလူထုအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများ မည်သို့ဖော်ဆောင်ပေးနိုင်မည်၊ ယဉ်ကျေးမှုထိန်းသိမ်းခြင်းကို မည်သို့ပံ့ပိုးပေးနိုင်မည်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မည်သို့မြှင့်တင်နိုင်မည် စသည့်အချက်များကို ဆွေးနွေးသုံးသပ်သွားမည်ဖြစ်သည်။
MTF ၂၀၂၆ သည် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲပြီး လူထုကို ဗဟိုပြုသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးရန် ခရီးသွားလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်များနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများကို ရန်ကုန်မြို့တွင် စုစည်းပေးမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကို Pan Pacific Hotel Yangon တွင် သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး အဓိက ပညာရှင်များ၏ ဟောပြောမှုများ၊ စကားဝိုင်း ဆွေးနွေးပွဲများ၊ ကွန်ရက်ချိတ်ဆက်မှု အစီအစဉ်များ၊ ဒေသတွင်း အစားအစာ ပြပွဲများနှင့် ရန်ကုန်မြို့တွင်း လေ့လာရေးခရီးစဉ်များ ပါဝင်မည်ဖြစ်သည်။
ပင်မအစီအစဉ်များ မစတင်မီတွင်လည်း တက်ရောက်လာကြသည့် ကိုယ်စားလှယ်များသည် အထောက်အထားအခြေပြု ခရီးစဉ်ဒေသ ဈေးကွက်ရှာဖွေရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် စုဆောင်းမှုနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထားမည့် ဖိုရမ်အကြို အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည်ဖြစ်သည်။
ယခုဖိုရမ်သည် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ၊ ခရီးစဉ်ဒေသဆိုင်ရာ အထူးကုများ၊ ပညာရေးပညာရှင်များ၊ ဧည့်ဝတ်ပြုမှုကဏ္ဍ ကိုယ်စားလှယ်များ၊ လူမှုစီးပွားလုပ်ငန်းများနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများကို တစ်နေရာတည်းတွင် စုစည်းပေးမည်ဖြစ်သည်။
အဓိက ဟောပြောသူအဖြစ် တက်ရောက်မည့် မာဆာရု တာကာယာမ (Masaru Takayama) က “Tourism for People: From Principles to Lasting Impact” (လူထုအတွက် ခရီးသွားလုပ်ငန်း – မူဝါဒများမှသည် ရေရှည်တည်တံ့သော သက်ရောက်မှုဆီသို့) ခေါင်းစဉ်ဖြင့် ဖိုရမ်ကို ဖွင့်လှစ်ဟောပြောမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူထု၊ ယဉ်ကျေးမှုနှင့် ကူးသန်းရောင်းဝယ်ရေး စသည့် ကဏ္ဍရပ်များမှတစ်ဆင့် ဆန်းစစ်တင်ပြသွားမည်ဖြစ်သည်။
အခြားသော ဆွေးနွေးပွဲကဏ္ဍများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ လူတိုင်းပါဝင်နိုင်မှု၊ လုပ်ငန်းခွင်စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု စသည်တို့ ပါဝင်မည်ဖြစ်သည်။ ပါဝင်တက်ရောက်မည့် အဖွဲ့အစည်းများတွင် AirAsia Move၊ Planeterra၊ Asian Ecotourism Network၊ Clickable Impact၊ အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (ASEAN Tourism Association) နှင့် Local Alike တို့ ပါဝင်သည်။
ကိုယ်စားလှယ်များသည် ရန်ကုန်မြို့၏ ဗိသုကာလက်ရာများ၊ အမွေအနှစ်များ၊ ဘာသာရေးနှင့် ရိုးရာလက်မှုပညာ အစဉ်အလာများကို မီးမောင်းထိုးပြထားသည့် လေ့လာရေးခရီးစဉ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများမှတစ်ဆင့် ရန်ကုန်မြို့၏ အလှတရားကို ခံစားရရှိကြမည်ဖြစ်သည်။ ထို့အပြင် မဲခေါင်ဒေသခွဲနိုင်ငံများမှ ရိုးရာချက်ပြုတ်မှု အနုပညာများကို ပြသရောင်းချမည့် ဒေသတွင်း အစားအစာပြပွဲသည်လည်း အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်မည်ဖြစ်သည်။
“ခရီးသွားလုပ်ငန်းဟာ လူသားအချင်းချင်း ချိတ်ဆက်မှု၊ ယဉ်ကျေးမှု ဖလှယ်မှုနဲ့ အတွေ့အကြုံတွေကို မျှဝေခံစားခြင်းကနေတစ်ဆင့် ဒေသခံလူထု တိုက်ရိုက်အကျိုးအမြတ် ရရှိနိုင်တဲ့ အနည်းငယ်သော ကဏ္ဍတွေထဲက တစ်ခုဖြစ်ပါတယ်။ MTF ၂၀၂၆ ကို ခရီးသွားလုပ်ငန်းဟာ လူသားတွေနဲ့ ဒေသတွေကို ပထမဆုံး ဦးစားပေး အကျိုးပြုရမယ်ဆိုတဲ့ ယုံကြည်ချက်အပေါ် အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်” ဟု မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး၏ အမှုဆောင်ဒါရိုက်တာ ဒီ ဆူဗီမွန် သာနာဆာရာကစ် (Dee Suvimol Thanasarakij) က ပြောကြားခဲ့သည်။
မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ သို့ တက်ရောက်ရန် မှတ်ပုံတင်ခြင်းကို အခမဲ့ ပြုလုပ်နိုင်ပြီး လက်ရှိတွင် ၎င်းတို့အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် စတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။
Ref: TTG Asia
