ပုံစာ။ CDF DAAI အနိုင်ကျင့်ခံရသော သင်းအုပ်ဆရာ
နေမိုး
၂၂. ၅. ၂၀၂၆
ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဒါရ်ဒေသထဲမှာ ဆက်ကြေးကောက်နေတဲ့ CDF Daai တပ်ဖွဲ့ရဲ့ ၉ မိုင်ဂိတ်မှာ ဧဝံဂေလိတရားဟောပြောပြီးပြန်လာတဲ့ သိက္ခာတော်ရ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးကို CDF-Daai ဂိတ်စောင့်လက်နက်ကိုင်က လူအများရှေ့မှာ လည်ပင်းကိုညှစ် လက်မြှောက်စေပြီး ထိုင်ထ အကြိမ် ၃၀ ပြုလုပ်ခိုင်းစေ အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။
CDF Daai တပ်ဖွဲ့ရဲ့ အပြစ်ပေးခံရတဲ့ သင်းအုပ်ဆရာဟာ မော်ဒယ်သရုပ်ဆောင် မာဂရက်ရဲ့ ဖခင်လို့လည်းသိရပြီး အသက်က ၆၇ နှစ်အရွယ်လို့လည်း သိရသလို မျက်လုံးခွဲစိတ်ထားရတာက နှစ်ကြိမ်ရှိနေပြီလို့လည်း သမီးဖြစ်သူ မော်ဒယ် မာဂရက်က ရင်ဖွင့်ပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ ကျေးရွာအတွင်း ဧဝံဂေလိတရားကို ဝေငှဟောပြောပြီးနောက် အိမ်ကိုအပြန်လမ်းမှာ ၉ မိုင်ဂိတ်ရှိ CDF-Daai ဂိတ်စခန်းမှာ သင်းအုပ်ဆရာက ဂိတ်မောင်းတံအဖြစ်ချည်ထားတဲ့ နွားနဖားကြိုး ဂိတ်အတားအဆီးကို ဆိုင်ကယ်နဲ့ မတော်တဆ ဝင်တိုက်မိရာကနေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဂိတ်စောင့်ချင်းလက်နက်ကိုင်က ဒေါသတကြီးနဲ့ ဆဲဆိုကြိမ်းမောင်းပြီး သင်းအုပ်ဆရာပါလို့ပြောပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတဲ့ကြားက လက်ခံခြင်းမရှိဘဲ လက်ကို မြှောက်ခိုင်းကာ လူအများရှေ့တွင် ထိုင်ထ အကြိမ် ၃၀ ပြုလုပ်ခိုင်းပြီးအပြစ်ပေးခဲ့တယ်လို့ သင်းအုပ်ဆရာက လူမှုကွန်ရက်မှာ ရေးသားထားတယ်လို့ ဒေသတွင်းမီဒီယာ Zalen က ဖော်ပြထားပါတယ်။
“အဖေက အခု အသက် ၆၇ နှစ် အမေနဲ့အိမ်ထောင်မပြုခင်ကတည်းက Pastor (သင်းအုပ်ဆရာ) ဖြစ်တယ်။ လုပ်သက် ၃၉ နှစ်ရှိပါပြီ။ နိုင်ငံရေးဖြစ်တော့ ကျွန်မတို့ မတူပီတစ်မြို့လုံး မီဇိုရမ်ဘက်မှာ စစ်ဘေးလာရှောင်ကြတယ်။ အဖေနဲ့အမေ အပါဝင်ပေါ့။ ဒီနှစ်နဲ့ဆို ၅ နှစ်ထဲဝင်ပြီ။ စစ်ဘေးရှောင် Camp ရဲ့အသင်းတော်မှာ အဖေက Pastor ပဲ လုပ်ခဲ့တယ်။ ဒီနှစ်ထဲမှာ အဖေဟာ မတူပီ ပြန်ပြီး ကျွန်မတို့ရဲ့အိမ်အခြေနေသွားကြည့်ရင်း ရွာဖက်တွေမှာ ဧဝံဂေလိ တရားဟောဖို့သွားတာ ၃ လ လောက်ရှိပါပြီ။ ကိုယ့်လူမျိုး ကိုယ့်မြို့အတွက် အမြဲတမ်းဆုတောင်းပေးနေတဲ့အဖေ၊ ကျွန်မတို့မိသားစုအတွက် ငယ်ငယ်တည်းက လေးစားအားကိုးရတဲ့အဖေဟာ မတူပီမြို့ထဲ ဂိတ်တစ်ခုဖြတ်ရင်း ကြိုးတန်းထားတာ မမြင်လို့ ဆိုင်ကယ်နဲ့ဖြတ်လိုက်ရင်း လည်ပင်းညှစ် ထိုင်ထအခါ ၃၀ လုပ်ခိုင်းတယ်တဲ့လား။ ကျွန်မအဖေက မျက်လုံးမကောင်းလို့ ခွဲစိတ်မှု ၂ ကြိမ်လုပ်ခဲ့ပါပြီ။ ငယ်ငယ်က အိမ်စာမလုပ်ခဲ့ရလို့ သူငယ်ချင်းတွေရှေ့မှာ ရှက်ကိုးရှက်ကန်းနဲ့ ထိုင်ထ လုပ်ခဲ့ရတယ်။ ကျွန်မ လေးစားချစ်ရတဲ့အဖေဟာ ဘာအပြစ်များကြီးကြီးမားမားလုပ်ခဲ့ရလို့ သားအရွယ်တွေရှေ့မှာ လည်ပင်းညှစ်ခံကာ လက်မြောက်ပြီး ထိုင်ထအခါ ၃၀ လုပ်ခဲ့ရတာလဲ။ အဖေဘယ်လိုတောင် ရှက်ပြီး ခံစားရမလဲ။ အဖေ့နေရာတွေးကြည့်ပြီး ကျွန်မတို့မိသားစု မျက်ရည်ကျခဲ့ပါတယ်”လို့ မာဂရက်က ရင်ဖွင့်ပါတယ်။
မတူပီချင်းလက်နက်ကိုင်တွေက ခရစ်ယာန်သင်းအုပ်ဆရာတော်ကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်မှုအပေါ် ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ချင်းလူမျိုးတွေအကြားမှာ ရွံရှာစက်ဆုပ်ဖွယ်အနိုင်ကျင့်မှုလို့လည်း ရှုတ်ချနေကြပါတယ်။
CDF Daai တပ်ဖွဲ့က အနိုင်ကျင့်ခံရတဲ့ သင်းအုပ်ဆရာရဲ့ ရင်သွေးဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် မာဂရက်ဟာ Miss Teen International Myanmar 2017 နဲ့ Miss Celebrity Myanmar 2024 ဆုတွေ ရရှိထားသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပုံစာ။ CDF DAAI အနိုင်ကျင့်ခံရသော သင်းအုပ်ဆရာနှင့် သမီးဖြစ်သူ မာဂရက်တို့ မြင်ကွင်း (Photo – Zalen & Magret)




