၂၂.၅.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၊ ပတ္တရားတတိယလမ်းမကြီးပေါ်ရှိ Sunday JA Plus Hotel တွင် မေလ ၂၁ ရက် ည ၉ နာရီခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် ပတ္တရားမြို့လယ်တွင် ထိတ်လန့်မှုများ ပျံ့နှံ့သွားခဲ့ကာ မီးလောင်မှုအတွင်း အနည်းဆုံး လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့တွင် မီးတောက်များကြားမှ လွတ်မြောက်ရန် ထွက်ပြေးခဲ့သော အမျိုးသားတစ်ဦး ဆိုလျှင် ပြင်းထန်စွာ မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မီးလောင်စဉ် လူအများအပြားမှာ ဟိုတယ်အဆောက်အအုံအတွင်း ပိတ်မိနေကြကာ မီးသတ်သမားများက ကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်လုပ်ဆောင်ခဲ့ကြရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အဆောက်အဦးခေါင်မိုး၏ အစိတ်အပိုင်းအချို့ မီးလောင်ပြီး ပြာများဖြင့် ဖုံးလွှမ်းသွားကာ မီးသတ်သမားများက နိုင်ငံခြားသားဧည့်သည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ကြိုးစားခဲ့ကြရသည်။
မီးလောင်မှုအတွင်း ထိုင်းအမျိုးသမီးနှစ်ဦးနှင့် အင်ဒိုနီးရှားယောက်ျားလေးတစ်ဦးသည် မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့် ကုသမှုခံယူခဲ့ရပြီး ထိုင်းအမျိုးသားတစ်ဦးသည် မီးတောက်များကြားမှ ထွက်ပြေးရာ ခန္ဓာကိုယ်၏ ၂၀ ရာခိုင်နှုန်းခန့်တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများနှင့် ဆေးအဖွဲ့များသည် ဒဏ်ရာရရှိသူ လေးဦးလုံးကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ကုသပေးခဲ့သည်။
ည ၁၀ နာရီခန့်တွင် မီးသတ်သမားများသည် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး ဟိုတယ်အဆောက်အအုံနှင့် အောက်ဘက်ရှိ ဧည့်သည်အခန်းများအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ပျံ့နှံ့မသွားစေရန် ကာကွယ်နိုင်ခဲ့သည်။ အရေးပေါ်အဖွဲ့များက ရွှေ့ပြောင်းစဉ်အတွင်း နောက်ထပ်ဧည့်သည်များ ပျောက်ဆုံးနေဆဲဖြစ်မည်ကို စိုးရိမ်ကာ အဆောက်အအုံကို ဆက်လက်ရှာဖွေခဲ့ကြသည်။
မီးကို ဟိုတယ်ဝန်ထမ်းများက မီးငြိမ်းသတ်ဆေးဘူးများဖြင့် ငြိမ်းသတ်ရန် ကြိုးစားခဲ့သော်လည်း ဝန်ထမ်းများက မီးမငြှိမ်းသတ်နိုင်မီ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။ အာဏာပိုင်များက မီးလောင်ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဟု သိရသည်။
Ref- Pattaya Mail



