နေမိုး
၂၁. ၅. ၂၀၂၆
ဘုန်းကြီးကျောင်းတွင်ရှိနေသော လက်နက်မဲ့အမျိုးသားတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ PDF ငါးဦးက ဖမ်းဆီးသွားပြီးနောက် ဘုန်းကြီးကျောင်းအနီးတွင်ပင် ဓားများဖြင့် ဝိုင်းဝန်း ထိုးခုတ် သတ်ဖြတ်လိုက်မှု ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၁၉ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ၌ PDF များက အမျိုးသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေ ၁၈ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ ဦးမျိုးမြင့်အောင်(ခ)အောင်ကြီး(၄၈)နှစ်သည် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ရှိနေစဉ် PDF ငါးဦး ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ဘုန်းကြီးကျောင်း အရှေ့ဘက် ပေ ၂၀ ခန့်အကွာအရောက်၌ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တိုက ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
