◾ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးခရီးလမ်း ခိုင်မာစေရန် နိုင်ငံတော်နှင့်ကိုက်ညီသည့် ဒေသအခြေခံ ဖက်ဒရယ်စနစ်ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟုပါ အာဆီယံတပ်ချုပ်များကိုအသိပေး
MT News
၂၁. ၅. ၂၀၂၆
(၂၃)ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး (23rd ASEAN Chiefs of Defence Forces Meeting – 23rd ACDFM) ကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။
ထို့အပြင် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များဖြစ်သည့် ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Major General Dato Paduka Seri Haji Muhammed Haszaimi bin Bol Hassan နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisenနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီးရှားအမျိုးသားတပ်မတော် စစ်ဦးစီးအရာရှိချုပ် General Agus Subiyanto နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုပြည်သူ့တပ်မတော် ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Saichay Kommasith နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Dato Seri Haji Malek Razak bin Sulai Man နှင့် ကိုယ်စားလှယ် အဖွဲ့များ၊ ဖိလစ်ပိုင်တပ်မတော်မှစစ်ဦးစီးချုပ် General Romeo Saturnino Brawner Jr နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Vice Admiral AaronBeng Yao Cheng နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukirs Boontanondha နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ တီမောလက်စ်တေတပ်မတော် စစ်ဦးစီးအရာရှိချုပ် Lieutenant General Domingos Raul နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဗီယက်နမ်ပြည်သူ့ တပ်မတော် ဒုတိယဝန်ကြီးနှင့်စစ်ဦးစီးအရာရှိချုပ် General Nguyen TanCuong နှင့် ကိုယ်စားလှယ်အဖွဲ့များတက်ရောက်ကြပြီး အစည်းအဝေးဥက္ကဋ္ဌ ဖိလစ်ပိုင်တပ်မတော် စစ်ဦးစီးချုပ်က အဖွင့် မိန်ခွန်းပြောကြားခဲ့သည်။





အစည်းအဝေးတွင် မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မိမိတို့ အာဆီယံအဖွဲ့ကြီးသည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှ စ၍ ခိုင်မာသည့် အခြေခံစည်းမျဉ်းများနှင့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားသည့်အဖွဲ့တစ်ခုဖြစ်ပြီး မိမိတို့ အာဆီယံတပ်မတော် များသည်လည်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် လုံခြုံရေးတို့အတွက် စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်တိုးတက်စေရန် အဓိကထားလုပ်ဆောင်လျက်ရှိကြောင်း၊ ယခုနှစ်အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲ ဆောင်ရွက်ကြပါစို့ (Securing Our Future, Together)”သည် မိမိတို့ အာဆီယံတပ်မတော်များ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် လွန်စွာကိုက်ညီမှုရှိသည့်အပြင် မဟာဗျူဟာမြောက် လိုအပ်ချက် တစ်ခုလည်းဖြစ်သည်ကိုတွေ့ရှိရပြီး အာဆီယံ၏အဓိကရည်မှန်းချက်နှင့် လုပ်ဆောင် ချက်များကို တွန်းအားပေး မီးမောင်းထိုးပြလျက်ရှိကြောင်း ဆွေးနွေးသည်။
လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် အဆိုပါနိုင်ငံအားလွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် အသွင်မျိုးစုံဖြင့် ချဉ်းကပ် ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် အင်အားကြီး နိုင်ငံအချို့သည် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံငယ်များအား ၎င်းတို့၏လွှမ်းမိုးမှု အောက်သို့ ရောက်ရှိစေရန် နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာမိတ်အုပ်စုများ ဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိအပြိုင် ကြိုးပမ်းလုပ်ဆောင်လာလျက်ရှိကြကြောင်းလည်း ဆွေးနွေးသည်။
ယင်းအပြင် မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးခရီးလမ်း ခိုင်မာစေရန် နိုင်ငံတော်နှင့်ကိုက်ညီသည့် ဒေသအခြေခံ ဖက်ဒရယ်စနစ်ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ကို အသိပေးပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကို ဟန်ချက်ညီညီ ဆက်လက်ဖော်ဆောင်သွားမည်ကို ထပ်လောင်းပြောကြားလိုကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်လုံခြုံရေး တို့အတွက် အခြေခံအုတ်မြစ်သည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုံခြုံမှုပတ်ဝန်းကျင် အပေါ်မူတည်လျက်ရှိသဖြင့် အနာဂတ်တွင် ဒေသတွင်းတည်ငြိမ်မှုခိုင်မာအားကောင်းလာစေရန်နှင့် နက်နဲရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အဖွဲ့ဝင် နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ အတူ လက်တွဲ ကျော်လွှားတုံ့ပြန်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေး၏ ဆောင်ပုဒ် ဖြစ်သော “မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲဆောင်ရွက်ကြပါစို့ (Securing Our Future, Together)” နှင့်အညီ အနာဂတ်ကာလတွင် မိမိတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းတည်ငြိမ် ရေးနှင့် လုံခြုံရေးတို့အတွက် မိမိတို့မြန်မာ့တပ်မတော်အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူလက်တွဲ၍ တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အခိုင်အမာပြောကြားလိုကြောင်း၊ ထို့အတူ အာဆီယံဒေသအတွင်းရှိ ပြည်သူများ၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် ရင်းနှီးချစ်ကြည်မှုများကို အခြေခံကာ တည်ငြိမ်အေးချမ်း၍ လုံခြုံမှုရှိသည့် အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာစေရန် မိမိတို့အာဆီယံအဖွဲ့ကြီးနှင့် အာဆီယံ တပ်မတော်များအနေဖြင့် စည်းလုံးညီညွတ်စွာ အတူလက်တွဲ ဆောင်ရွက်သွားနိုင်ပါစေကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး အာဆီယံတပ်မတော်များ၏ ၂ နှစ်လုပ်ငန်းစီမံချက်(၂၀၂၆-၂၀၂၈) အား အတည်ပြုခြင်း၊ Two Years Activity Work Plan (2026-2028)၊ 23rd ASEAN Chiefs of Defence Forces Meeting (23rd ACDFM) ၏ ပူးတွဲ ထုတ်ပြန် ကြေညာချက် Joint Statement အား အတည်ပြုခြင်းများကိုဆောင်ရွက်ကြပြီး ပူးတွဲကြေညာချက်ကို အတည်ပြုလက်မှတ်ရေးထိုးကြကာ တက်ရောက်လာကြသည့် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် 23rd ASEAN Chiefs of Defence Forces Meeting (23rd ACDFM) ဥက္ကဋ္ဌ ဖိလစ်ပိုင်တပ်မတော်စစ်ဦးစီးချုပ်က လွှဲပြောင်းပေးအပ်မှု မိန့်ခွန်း ပြောကြားပြီး 24th ASEAN Chiefs of Defence Forces Meeting(24th ACDFM) ကို ဥက္ကဋ္ဌကို အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်မည့် စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန်များနှင့် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်း အဝေး၏ အလံ (ASEAN Flag)ကို လွှဲပြောင်းပေးအပ်ခဲ့ရာ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှဲပြောင်းလက်ခံမှု မိန့်ခွန်းပြောကြားပြီးနောက် ဖိလစ်ပိုင်တပ်မတော်စစ်ဦးစီးချုပ်က နှုတ်ခွန်းဆက် အပိတ် မိန့်ခွန်း ပြောကြားကာ အစည်းအဝေးအောင်မြင်စွာပြီးစီးခဲ့သည်ဟု သိရသည်။
