၂၁.၅.၂၀၂၆
Written by KL
အွန်လိုင်းဂိမ်းစွဲနေသည့် ကျောင်းဆရာမက အိမ်နီးချင်းအမျိုးသမီးနှစ်ဦးကို ဓားဖြင့်ထိုးသတ်မှု မေလ ၁၉ ရက်ညပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်တွင် အစ်မဖြစ်သူ ဒေါ်မြကြည်၏နေအိမ်မှ အော်သံများကြားသဖြင့် တစ်ခြံထဲနေသည့် မောင်ဖြစ်သူက သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူနှင့်အစ်မဖြစ်သူတို့ ဒဏ်ရာများဖြင့် လဲကျနေပြီး မူလတန်းပြဆရာမ ဒေါ်နုနုထွေးက ဓားကိုင်ထားသည်ကို တွေ့သဖြင့် ဓားကို လုယူခဲ့ပြီးနောက် ဒဏ်ရာရသူများကို ပင်းတယပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ကျားကုန်းအုပ်စု၊ ဘုရားကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာမ ဒေါ်နုနုထွေးက အိမ်ဆိုင်ဖွင့်ထားသော တူဝရီးနှစ်ဦးကို ငွေနှင့်ရွှေများ တောင်းယူရာ မရသဖြင့် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာမက စလော့ဂိမ်းအရမ်းကစားတာ၊ ငွေလိုလို့ အမျိုးသမီးတွေချည်းပဲနေတဲ့ အိမ်ကို အခွင့်ကောင်းယူပြီး ပစ္စည်းလာယူတာ၊ တူဝရီးနှစ်ယောက်က မပေးလို့ ဓားနဲ့ထိုးတာ “ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဓားထိုးခံရသော အသက် ၁၈ နှစ်အရွယ် တူမဖြစ်သူ မမီးအို (ခ) မစန်းစန်းအေးတွင် ညာဘက်ရင်ဘတ် အောက်၊ ညာဘက်ရင်ညွန့်၊ ညာဘက်ပေါင်ရင်း တို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီနှင့် ညာဘက်အလယ် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အဒေါ်ဖြစ်သူ ဒေါ်မြကြည်တွင် ဘယ်ဘက်ဝမ်းဗိုက်အောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီ ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
တူအရီးနှစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ကျောင်းဆရာမ ဒေါ်နုနုထွေးကို ပင်းတယမြို့မ ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၄၅၈၊ ၃၂၆ တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
“အွန်လိုင်းဂိမ်းကြောင့် ဘဝပျက်သူတွေလည်းပျက်ပြီ။ ဘာမှမဆိုင်တဲ့သူ နှစ်ယောက်လည်း အသက်ဆုံးရှုံးရတယ်။ အွန်လိုင်းဂိမ်း စွဲလန်းပြီး လူတွေကို ဒုက္ခပေးတာကြောင့် ဒီဂိမ်းတွေကို မရှိစေချင်တော့ဘူး “ဟု ပင်းတယဒေသခံတစ်ဦးက ပြောသည်။
